Saturday, November 24, 2012

တူညီသော ကိုယ်စားပြုမှု လိုပါသည် (၂)


တူညီသော ကိုယ်စားပြုမှု လိုပါသည် (၁)  ရဲ့အဆက်ပါ..။
zawhkunnaw facebook စာမျက်နှာမှကူးယူသည်။

အနွယ်ကွဲပေမဲ့ တူညီသောယဉ်ကျေးမှုကို မျှဝေကိုယ်စားပြုပြီး လူမျိုးတစ်မျိုး၊ အမျိုးသားတစ်ရပ်အဖြစ်ပဲ ရပ်တည်ဖို့ ဘယ်လို အမျိုးသားရေးလက္ခဏာရှိရမယ် ကျနော်ဆွေးနွေးချင်ပါတယ်..။ ပညာရှင်ကြီးတော့မဟုတ်ပါဘူး.။ တခြား တိုင်းရင်းသားတွေအကြောင်းလဲ ဒီလောက်နားမလည်ပါဘူး..။ ရှမ်းပြည်နယ်မှာ ပလောင်၊ ဓနု၊ ပအို့ဝ်၊ ကိုးကန့်၊ ၀ စသဖြင့် မျိုးနွယ်အများကြီးရှိပေမဲ့၊ ရှမ်းအမျိုးသား တစ်ရပ်အဖြစ်သာ စုစည်းထားသလားတော့ ကျနော်မသိပါဘူး..။ ဘယ်လိုတူညီသော ရိုးရာယဉ်ကျေးမှုတွေနဲ့ ရစ်ပတ်စုစည်း ထားတယ်ဆိုတာလဲ နားမလည်ပါဘူး.။ ဒါကြောင့် ကိုယ့်ကချင်လူမျိုးအကြောင်းပဲ ပြောပါ့မယ်..။ ကချင်လူမျိုး အကြောင်း ဝေမျှရုံလေးပါ..။

ကချင်လူမျိုးမှာ အနွယ် ၆ခုရှိတာ လူတိုင်းသိမှာပါ..၊ ဂျိန်းဖော၊ ဇိုင်ဝါး၊ လော်ဝေါ်၊ လချိတ်၊ ရ၀မ်၊ လီဆူတို့ပါ..။ ဒီလို အနွယ်ထဲမှာမှ လဖိုင်၊ မရစ်၊ မရန်၊ လထော်၊ အင်ခွမ်ဆိုပြီး မျိုးနွယ်စုထပ်ရှိပါသေးတယ်.။ ဂျိန်းဖောမှာ လဖိုင်အစုရှိသလို၊ ဇိုင်ဝါးမှာလဲ ဇီးလဖိုင်ဆိုတဲ့အစုရှိပါတယ်..။ ကျန်တဲ့ လော်ဝေါ်၊ လချိတ်စတာတွေမှာလဲ လဖိုင်နဲ့ ညီအစ်ကိုတော်တဲ့ (အစုတူတဲ့) မျိုးနွယ်တွေ ရှိပါတယ်..။ ဂျိန်းဖော မရစ်ရှိသလို၊ ဇိုင်ဝါး၊ လချိတ်စတာတွေမှာလဲ မရစ်မျိုးနဲ့ အစုတူတဲ့ မျိုးနွယ်ရှိပါတယ်..။ ခေါင်းရှုပ်နေပြီလား..၊ ခဏနေဦး..၊ အများကြီးရှိသေးတယ်..။ အဲဒီလဖိုင်ဆိုတဲ့ အစုထဲမှာမှ ရှဒန်လဖိုင်၊ ထိန်ကျုလဖိုင်၊ အင်တပ်လဖိုင်၊ ဖုန်ကန်လဖိုင်ဆိုပြီး အိမ်ထောင်စုအလိုက် ခွဲထာသေးသဗျာ..။ မရစ်၊ မရန်၊ အင်ခွမ်စတာတွေမှာလဲ အလားတူ အိမ်ထောင်စု အလိုက် နာမည်အမျိုးမျိုးခွဲထားသပါ့..။

အဲဒီအိမ်ထောင်စု (မျိုးနွယ်နာမည်)ကို နာမည်ရှေ့မှာ တပ်ခေါ်ပါတယ်..။ အတိုကောက်အင်္ဂလိပ်စကားလုံး သုံးလေ့ရှိပါတယ်..။ Kumje Ja Nu ဆိုတဲ့ နာမည်ကြီးတေးသံရှင်ကို K Ja Nu (ကေဂျာနူး)၊ Lazum Lum Wa, Lazum Seng Zi တို့ကို L လွန်းဝါ၊ L ဆိုင်းဇီဆိုပြီး ပြောကြ၊ ရေးကြပါတယ်..။ အမေရိကန်က လက်ဝှေ့ကျော် Nsang Awng La လို မျိုးနွယ်နာမည် Nsang ကို အပြည့်တပ်ထားတာ ရှိသလို၊ Awn Seng လို မျိုးနွယ်နာမည် Marip ကို ဖြုတ်ထားတာလဲ ရှိနိုင်ပါတယ်..။

ကျနော်က ဂျိန်းဖောပါ.၊ ဂျိန်းဖောထဲက လဖိုင်၊ လဖိုင်ထဲက ဖုန်ကန်လဖိုင်..။ ဖုန်ကန်လဖိုင်တွေထဲကမှ အိုရာဘွမ်မန်ကန်အိမ်ကပါ.။ မန်ကန်အိမ်ကမှ ဒုတိယသား (La N-naw) ဖြစ်ပါတယ်..။ ကချင်တစ်ယောက်ရဲ့ နာမည်ကိုကြည့်ပြီး ဘယ်နှယောက်မြောက် သား/သမီးဆိုတာပါ မှန်းလို့ရပါတယ်..။ ဒါကြောင့် ကချင်တစ်ယောက်ရဲ့ နာမည်မှာ သူ့ရဲ့ Complete and specific Identity ပါပါတယ်..။ နာမည်ကိုကြည့်တာနဲ့ ဘာမျိုးနွယ်၊ ဘယ်နှစ်ယောက်မြောက် သား/သမီးဆိုတာ သိနိုင်ပါတယ်..။ ဒါဟာ ကချင်အနွယ် ၆ မျိုးလုံးမှာ ရှိတဲ့၊ တူညီစွာမျှဝေကိုယ်စားပြုတဲ့ မျိုးနွယ်သတ်မှတ်မှုစနစ် ဖြစ်ပါတယ်…။

ဒါကြောင့် ကချင်ဖြစ်ရင် ကချင်နာမည်ရှိရပါတယ်..။ ဦးစောမောင် ကချင်ပါလို့ မှတ်ပုံတင်ကြီးထုတ်ပြပါစေဦး..၊ ဘာလူမျိုးလဲ၊ ဘာအနွယ်လဲ၊ ဘယ်အိမ်ထောင်ကလဲဆိုတာ မပြောပြနိုင်ရင် ကချင်မဟုတ်ပါ..။ ကချင်တစ်ယောက်ကို  “Hpabaw amyu rai?” (ဘာလူမျိုးလဲ) လို့ မေးရင် ကျနော်ဂျိန်းဖောပါ၊ လော်ဝေါ်ပါလို့ မဖြေပါဘူး..၊ လဖိုင်အမျိုးပါ၊ မရစ်အမျိုးပါ၊ ဆွမ်လွတ်ပါလို့ပဲ ဖြေကြပါတယ်.. ပြီးမှ ဂျိန်ဖောထဲကလား၊ လချိတ်ထဲကလား စသဖြင့် ပြန်ပြောလေ့ရှိပါတယ်…။ ဒါကြောင့် ကချင်သွေးပါတယ်ဆိုရုံနဲ့ ကချင်ဖြစ်သွားတာ မဟုတ်ပါဘူး..၊ စောနက ပြောသလို ဘာအနွယ်၊ ဘယ်အိမ်ထောင်၊ နောက်ဆုံး ဘယ်ရွာက ဘယ်နှယောက်မြောက်သား ဆိုတဲ့အထိ ကချင်တစ်ယောက်မှာ ရှိရမယ့် Specific Identity ကို ခံယူထားပါမှ ကချင်လို့သတ်မှတ်နိုင်ပါတယ်..။ ပေါ့ပေါ့တန်တန် ကိုယ့်ဖာသာ ကချင်လို့ပဲ ခံယူကြပါ..၊ ဟိုအမျိုး၊ ဒီအမျိုးလို့ သေးသိမ်တဲ့ မျိုးနွယ်စွဲတွေ မထားပါနဲ့လို့ ပြောရင်တော့ ဒါဟာ ကချင်ယဉ်ကျေးမှုကို စော်ကားရာရောက်ပါတယ်..။ (တော်ကြာ မြန်မာတိုင်းရင်းသားစားရင်းထဲမှာ ဖုန်ကန်၊ ဆမား၊ ခန်းဒါ၊ ဖော်ယမ် ဆိုတွေပါထည့်တွက်နေပါဦးမယ်.. ဆက်ပြောတော့ဝူး.။) အဲဒီတော့ ဦးစောမောင်သာ ကချင်ဆိုရင်တော့ မေးရပါမယ်..၊ “ဘာလူမျိုးလဲ”လို့..။ မျိုးနွယ်မရှိဘဲ ကချင်ဖြစ်ချင်လို့တော့ မရဘူးနော်..။

ဒီလိုမျိုး ကချင်တွေ နာမည်ကွဲကြပေမဲ့၊ သွေးကွဲကြပါသလား..၊ အနွယ်တစ်ခုကို ကျန်အင်အားကြီး အနွယ်က ၀ါးမျိုးလိုက်တယ်ဆိုတာ ရှိနိုင်ပါသလား..။ မျိုးနွယ်နာမည်အမျိုးမျိုးကွဲပြားနေ (Fragmented) ပေမဲ့ ကချင်ဆိုတဲ့ အမျိုးသားတစ်ရပ် အဖြစ် ဘယ်လိုလက္ခဏာရပ်နဲ့ စုစည်းပါသလဲ..။ ရှည်ရှည်ဝေးဝေးပြောရင် ဘယ်သူမှ နားလည်မှာ စိတ်ဝင်စားမှာ မဟုတ်ဘူး.။ တိုတိုပဲ ပြောမယ်..။ အဓိကအနေနဲ့ Mayu – Dama - Kahpu Kanau ဆိုတဲ့ ယောက္ခမ၊ သမက်၊ ညီအစ်ကို သုံးပွင့်ဆိုင် အမျိုးတော်စပ်ပုံယဉ်ကျေးမှု ကြောင့်ဖြစ်ပါတယ်..။ လဖိုင်အမျိုးက မရစ်နဲ့ မရန်ကို သမီးပေးပါတယ်..။ လဖိုင်ရဲ့ သမက်မျိုးတွေပါ.။ အင်ခွမ်၊ လထော်ဟာ လဖိုင်မျိုးနွယ်ရဲ့ ယောက္ခမမျိုးပါ..၊ (သူတို့ဆီက သမီးတောင်းပါတယ်)။ လဖိုင်အချင်းချင်းဟာ ညီအစ်ကိုတော်ပါတယ်…။ ဘယ်လောက်ပဲ သွေးအရဝေးပါစေ၊ လဖိုင်မျိုးနွယ် အချင်းချင်း ယူလို့မရပါ..။

အဲဒီတော့ ဂျိန်းဖော၊ လီဆူ၊ ရ၀မ် ကွဲပေမဲ့ အဲဒီအနွယ်တွေထဲမှာ ရှိတဲ့ လဖိုင်များက ညီအစ်ကိုအဖြစ် မျိုးနွယ်တစ်ခုပုံစံ စုစည်းမိပါတယ်..။ (ဒါကြောင့် ဘာအမျိုးလဲ မေးရင် လဖိုင်အမျိုးပါလို့ အရင်ဖြေကြတာပေါ့..။) အနွယ် ၆ ခုလုံးအောက်က အင်ခွမ်မျိုးအားလုံးကို ယောက္ခမမျိုးအဖြစ်ဆက်ဆံပါတယ်..။ မွေးလာတဲ့ သားသမီးများဟာ ဖခင်ရဲ့ အနွယ်ကို ဆက်ခံပါတယ်..။ ကျနော့် အဖေ၊ အဖိုး၊ အဘေး အစဉ်အဆက်က ဖုန်ကန်လဖိုင်မို့လို့ ကျနော်က ဖုန်ကန်လဖိုင်ပါ..။ အမေ၊ အဖွား အစဉ်အဆက်က လဖိုင်မဟုတ်တဲ့ မျိုးနွယ်ချဉ်းသာ ဖြစ်ပါတယ်..။ ဒါကြောင့် သွေးအရစဉ်းစားရင် ကျနော့်သွေးဟာ လဖိုင်သွေးမဟုတ်ပါ..၊ လဖိုင်သွေးဆိုတာလဲ မရှိပါဘူး..။ ဂျိန်းဖောသွေး၊ လော်ဝေါ်သွေးစတာကတော့ ရှိပါတယ်..။ ဒါပေမဲ့ အဖေ့မျိုးရိုးကို ဆက်ခံရတာမို့ အဖေက ဂျိန်းဖော၊ အမေက ဇိုင်ဝါးဆိုရင် သားသမီးက ဂျိန်းဖောပါ..။ ဆွေစဉ်မျိုးဆက် လော်ဝေါ်အမျိုးသမီးများကို ယူခဲ့ပေမဲ့၊ (ဆိုပါတော့ လော်ဝေါ်သွေးက ပိုများပေမဲ့) အဖေက ဇိုင်ဝါးဆိုရင် သားသမီးက ဇိုင်ဝါးသာဖြစ်ပါတယ်.. ကပြားမဟုတ်ပါ…။ သွေးနှောပြီး လူမျိုးဖြုတ်၊ ၀ါးမျိုဖို့ဆိုတာ ကချင်အနွယ် ၆ ခုကြားမှာ မရှိပါ..။ တခြား ကချင်မဟုတ်တဲ့ လူမျိုးနဲ့ အိမ်ထောင်ပြုမှသာ အဖေ့မျိုးနွယ်နောက် လိုက်ရတဲ့ ထုံးတမ်းပျက်ပြီး ကပြားဖြစ်လာရပါတယ်..။ (မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်ပါသတဲ့..။)

Kachin daily news တို့၊ Myanmar Express တို့မှာ ဂျိန်းဖောလူမျိုးကြီးဝါဒဆိုပြီး သပ်သျှိုတာလဲ ခုတလော မကြာခဏတွေ့မိတယ်..။ မြန်မာကို ဗမာတွေကပဲ လွှမ်းမိုးထားသလို၊ ကချင်ကိုလဲ ဂျိန်းဖောတွေကပဲ လွှမ်းမိုးထားပါတယ်ဆိုတဲ့ သဘော..။ ကချင်တွေထဲမှာ ဂျိန်းဖောတွေ အများဆုံးဖြစ်တယ်ဆိုတာ မှန်ပါတယ်..။ ဗမာစကား၊ စာကို မြန်မာနိုင်ငံမှာ အဓိကသုံးကြသလို၊ ကချင်တွေကြားမှာ ဂျိန်းဖောစကားကို အဓိကသုံးကြပါတယ်..။ ဒါကြောင့် ကချင်စာ၊ ကချင်စကားဆိုရင် အများစုက ဂျိန်းဖောစာ၊ စကားလို့ပဲ မြင်တတ်ကြတယ်..။ မဟုတ်ပါဘူး..။ ကချင်စာ၊ ကချင်စကားဆိုတာ အနွယ် ၆ ခုလုံးရဲ့ စကား၊ စာအကုန်ပါပါတယ်..။

ကျနော်အတွက် ဂျိန်းဖောစကားက Mother tongue ပါ..၊ လော်ဝေါ်လိုလဲ ကျနော့်ရှေ့မှာ အတင်းပြောလို့ မရပါဘူး.။ ဇိုင်ဝါးလို ထမင်းစား၊ ရေသောက် ကောင်းကောင်းပြောနိုင်ပါတယ်..။ ဇိုင်ဝါးလူမျိုးနဲ့တွေ့ရင် ဇိုင်ဝါးလို အရင်ပြောပါတယ်..။ ဇိုင်ဝါးလိုဆက်ပြောလို့ မတတ်တော့မှ ဂျိန်းဖောလို၊ ဗမာလို ဆက်ပြောပါတယ်..။ (ဒါတောင် ကျနော်က ကလေးဘ၀ကတည်းက အောက်ပြည်၊ ပြည်မသားတွေကြားထဲမှာ ကြီးလာတာပါ..။) ဘာကြောင့် တတ်သလဲဆိုတော့ စကားတစ်ခုနဲ့တစ်ခု ဆင်ဆင်တူ တာရယ်၊ စိတ်ဝင်တစားနဲ့ သင်ထားတာရယ်ကြောင့်ပါ..။ (စိတ်ဝင်တစားမှ မသင်ရင် ကိုယ့်လူမျိုးရဲ့စကား ပျောက်ကုန်မှာပေါ့ဗျ..၊ ခုတောင် ရန်ကုန်က ကချင်ကလေးတွေက အချင်းချင်း ဗမာလိုပဲ ပြောနေကြပြီ..။) ကချင်ဒေသမှာပဲ နေထိုင်ကြီးပြင်းလာသူ များကတော့ စကားနှစ်မျိုး၊ သုံးမျိုးကောင်းကောင်းကြီး ပြောနိုင်ကြပါတယ်..။ ဒီလို ဘာသာစကားအချင်းချင်း ဆက်နွယ်မှု၊ တတ်ကျွမ်းမှုရှိလို့လဲ ကချင်လူမျိုးအဖြစ် အမျိုးသားတစ်ရပ်အဖြစ် ရပ်တည်နေနိုင်တာပါ..။ မြန်မာကိုလဲ အမျိုးသားတစ်ရပ်တည်း အဖြစ် သဘောထားမယ်ဆိုရင်၊ ပြည်မသားများအနေနဲ့ တိုင်းရင်းသားစကား ၂ မျိုးလောက် ပြောတတ်၊ ဆိုတတ်ဖို့လိုပါမယ်..။ သင်ထားကြပေါ့ဗျာ..။

နောက်တစ်ချက်အရ ကချင်တွေက (အနွယ် ၆ ခုလုံးက) ကိုယ့်ကိုယ်ကိုယ် Jinghpaw Wunpawng ဂျိန်းဖောဝမ်ပေါင်လို့ ခေါ်ပါတယ်..။ တစ်ခါတစ်လေ အရပ်ထဲမှာကတော့ ဂျိန်းဖောလို့ပဲ ခပ်လွယ်လွယ် ခေါ်တတ်ကြပါတယ်..။ တရုတ်လို Jingpo Tsu ဂျိန်းဖောစူးလို့ခေါ်ပါတယ်..၊ (ကချင်၆မျိုးလုံးကို ခေါ်တာပါ..၊ ဂျိန်းဖောများကိုသာ ခေါ်တာမဟုတ်ပါဘူး..။) တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲမှာလဲ ကချင်ဆိုရင် ဂျိန်းဖောလူမျိုးထက် ဇိုင်ဝါးတွေပဲ များကြတာပါ..။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိပါတယ်..။ ဒီလို ကချင် ၆ မျိုးလုံးကို တစ်ခါတစ်လေ ဂျိန်းဖောလို့ပဲ ခြုံငုံခေါ်တတ်တဲ့အတွက် ဂျိန်းဖောလူမျိုးကြီးဝါဒရှိတယ်ရယ်လို့ မတောက်တခေါက်ပဲသိတဲ့သူတွေက သပ်သျှိုလာကြခြင်း ဖြစ်ပါတယ်.။

ကချင်အမျိုးသားရှေ့ဆောင်ဖြစ်တဲ့ ကေအိုင်အိုကိုပဲ ပြတော့မယ်..။ ကေအိုင်အိုဥက္ကဋ္ဌ ဒူဝါလညော်ဇောင်းဟရားက လော်ဝေါ်ပါ..၊ ဒုဥက္ကဋ္ဌ ၁ ဗိုလ်ချုပ်ကြီးနဘန်လက ဂျိန်းဖောပါ..၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်ထန်ဂမ်ရှောင်က ဇိုင်ဝါးပါ..၊ နာမည်ကြီး ဗိုလ်ချုပ်ဆွမ်လွတ်ဂွန်မော်ကလဲ ဇိုင်ဝါးပါ..။ ရွှေလီဆွေးနွေးပွဲကို ဦးဆောင်ခဲ့တဲ့ ဆရာကြီးဆွမ်လွတ်ဂမ်ကလဲ ဇိုင်ဝါးပါ..။ (ဆွမ်လွတ်အများစုက ဇိုင်ဝါးလူမျိုးများ ဖြစ်ကြပါတယ်..။) တကယ်တော့ ကချင်တွေထဲမှာ ဇိုင်ဝါးများက ပိုတော်ကြပါတယ်..။ ကချင်လောကကိုလဲ ဇိုင်ဝါးများ၊ ဇိုင်ဝါးသွေးပါသူများကပဲ ဦးဆောင်နေတာပါ..။ (ကျနော်လဲ ဇိုင်ဝါးသွေးပါသူဖြစ်တယ်ဆိုတဲ့ အကြောင်း မပြောတော့ပါဘူးလေ.. ဟီ ဟီး..။)

မသိမှာစိုးလို့ ပြောပြပါ့မယ်..။ ကချင်ပြည်နယ်မှာ ရှမ်းနီတွေ တော်တော်များများနေနေတယ်ဆိုတာ မှန်ပါတယ်..။ အလားတူစွာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလဲ ကချင်တော်တော် များပါတယ်..။ ကေအိုင်အေတပ်မဟာ ၄ တပ်စွဲထားပါတယ်..။ ကွတ်ခိုင်ဒေသဆိုရင် ဖဆပလအစိုးရလက်ထက်မှာ သိန္နီစော်ဘွားလက်အောက်၊ Kachin Sub-state အဖြစ် ကချင်ဒူဝါတွေကို အာဏာလွဲထားတဲ့ ဒေသပါ..။ ကျိုင်းတုံဝန်းကျင်မှာ အရင်ကတည်းက (ကိုလိုနီနောက်ပိုင်းမှ ပြောင်းလာသူမဟုတ်) အခြေချနေထိုင်တဲ့ ကချင်အနည်းစုရှိပါတယ်..။ လာအိုနိုင်ငံမြောက်ပိုင်းမှာအထိ ကချင်ရွာလေးတွေ ရှိပါတယ်..။ ပြောပလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး..။ ဘာပဲပြောပြော ကချင်တွေရှိပေမဲ့ ရှမ်းပြည်ကတော့ ရှမ်းပြည်ပါပဲ..။ ကချင်ပြည်ကလဲ ကချင်ပြည်သာ ဖြစ်ပါတယ်.။

ပူတာအိုဘက်မှာ ရ၀မ်မျိုးနွယ်တွေနဲ့ ပတ်သက်ပြီး၊ ပြဿနာနဲနဲရှိဖူးပါတယ်..။ သေချာတာက လွတ်လပ်ရေးရပြီး ပြည်မအုပ်ချုပ်သူတွေ ၀င်လာမှ ဖြစ်တာပါ..။ သတင်းစာကအသုံးအနှုံးကိုယူပြီး သုံးသပ်ရရင်တော့ “ရှေးပဝေသဏီကတည်းက တစ်အူတုံဆင်း ညီရင်းအစ်ကိုပမာ၊ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်ခဲ့ကြသော်လည်း  နယ်ချဲ့မိစ္ဆာတို့၏ သွေးခွဲအုပ်ချုပ်ခြင်း၊ မြှောက်ထိုးပင့်ကော် သပ်သျှိုခြင်းကြောင့်၊ ကိုလိုနီခေတ်တစ်လျှောက်လုံး တောင်ပေါ်၊ မြေပြန့် တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှု ပြိုကွဲခဲ့ရသည်”တဲ့..။ ဒီထက် ပိုပြောစရာ မရှိပါ..။

ဒီလို နိုင်ငံရေးအရ၊ ယဉ်ကျေးမှုအရ တူညီသော ကိုယ်စားပြုမှုတွေ ရှိကြတဲ့အပြင်၊ အနုသုခုမအရ ကချင်လူမျိုး ၆ မျိုးလုံးမှာ တူညီမှုတွေ ရှိပါတယ်..။ ကချင်လူမျိုး ၆ မျိုးလုံး မနောအကကပါတယ်..။ ဒီလို ဆေးချယ်ထားတဲ့တိုင်ကြီးတွေကို လူအများအပြား ၀ိုင်းပတ်ပြီး စီတန်းကကြတာ တခြားဘယ်ဒေသ၊ ဘယ်လူမျိုးမှာ ရှိပါသေးသလဲ..။ ပြီးတော့ တူညီသော သမိုင်း၊ ဒဏ္ဒာရီတွေ ရှိပါတယ်..။ ဒီကနေမှတဆင့် နတ်ပူဇော်မှုဆိုင်ရာ ကဗျာများ၊ ရွတ်ဆိုမှုများ၊ သီချင်းများဖြစ်လာပါတယ်..။ နောက်ပြီး ကချင်ရိုးရာအဆင်တွေ လှတယ်လို့ လူတိုင်းပြောကြတယ်..။ ဂျိန်းဖောအဆင်၊ ဇိုင်ဝါးအဆင်၊ လော်ဝေါ်အဆင်စသဖြင့် အကွက်ဖော်ပုံကွဲပါတယ်..။ ဒါပေမဲ့ မြင်လိုက်ရုံနဲ့ ကချင်အဆင်ပါလို့ပဲ အားလုံးကသိကြပါတယ်…။

ကချင်မျိုးနွယ် ၆ မျိုးကတော့ အပေါ်မှာပြောထားတဲ့အတိုင်း တူညီသော ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာတွေနဲ့ အမျိုးသားတစ်ရပ်အဖြစ် စည်းလုံးညီညွတ်စွာ နေထိုင်နေကြပါတယ်…။ မြန်မာနိုင်ငံက တိုင်းရင်းသားအမျိုး ၇၀ မှာကတော့ အဲလို တူညီတဲ့အမျိုးသားရေးလက္ခဏာတွေ ရှိကြပါသလား..။ ချင်းမှာ ၀ါးညှပ်အကရှိတယ်၊ ကရင်မှာ ၀ါးညှပ်အကရှိတယ်..။ ရခိုင်၊ ဗမာ၊ မွန်တွေမှာ ပုံစံတူတဲ့ အကရှိတယ်..။ ဒါပေမဲ့ မြန်မာဆိုတာ အမျိုးသားတစ်ရပ်တည်းသား ဖြစ်တယ်လို့ ဆိုနိုင်မယ့် (ခိုင်လုံတဲ့) တူညီသော ယဉ်ကျေးမှုရှိသလား..။

ကချင်အိမ်မှာက ဧည့်သည်ကို မီးဖိုဘေးမှာ ဧည့်ခံတယ်..၊ ဗမာမှာက အိမ်ရှေ့ကွပ်ပျစ်မှာ ဧည့်ခံတယ်..။ ကချင်လူငယ်အချင်းချင်း ယဉ်ကျေးပြူငှာစွာ ယောက်ဖ (Ah Hkau)၊ ယောင်းမ (Ah Ning)လို့ နာမ်စားသုံးပြီး ခေါ်တယ်..။ ဗမာလိုက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေမှ ခေါ်လို့ရသလို၊ ယဉ်ကျေးသောစကားဝိုင်း (Civilized conversation) မှာသုံးလို့ရတဲ့ နာမ်စား မဟုတ်ဘူး..။ ဒီလို အသေးအဖွဲ မတူတာတွေ အများကြီး…။ ပြောရင် မကုန်ဘူး..။

ကဲ.. ဒီတော့ မတူဘူး..၊ တစ်မျိုးသားတည်း မဟုတ်ဘူး.၊ လုပ်လို့မရဘူးဆိုတာ အားလုံးလက်ခံမယ် ထင်တယ်..။ ဒါဆို ကျနော်တို့ လူမှုရေးဦးတည်ချက်ကို တစ်ချက်ကြည့်ရအောင်..၊ “တစ်မျိုးသားလုံး စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားရေး”၊ “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး”၊ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”။ အဲဒါတွေက ဘယ်အမျိုးသားကို ပြောချင်တာလဲ…၊ တိုင်းရင်းသားလူမျိုးတစ်မျိုးချင်းစီလား..၊ တစ်နိုင်ငံလုံးက ပြည်ထောင်စုသားအားလုံးကို မြန်မာအမျိုးသား တစ်ရပ်အဖြစ် အသက်သွင်းတဲ့သဘောလား..။

အမေရိကန်ပြည်ထောင်စုလို လူမျိုး၊ အသားအရောင်၊ ဇစ်မြစ်ကွဲပြားစုံလင်တဲ့ ပြည်ထောင်စုကို နမူနာပြတာ ကြုံရတယ်..။ ကိုယ့်ကိုယ်ကိုယ် ဘာလူမျိုး၊ ဘာအနွယ်ဆိုတဲ့ အစွဲကို နိုင်ငံရေးနဲ့ မရောယှက်ဘဲ၊ ငါဟာ အမေရိကန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့သာ ပြည်ထောင်စုစိတ်ဓာတ်ဖော်ဆောင်နိုင်တာကို မြန်မာနိုင်ငံက အားကျနေတယ်..။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား ပြည်နယ်တွေအဖြစ် ဖွဲ့စည်းထားလို့၊ လူမျိုးစွဲ၊ ဒေသစွဲဖြစ်ရတာပါဆိုပြီး ပြည်နယ်တွေအားလုံးကို တိုင်းရင်းသားနာမည်ဖြုတ်ဖို့ ကြိတ်ကြံတဲ့သူက ကြံတယ်..။ အမေရိကန်လို လူမျိုးစွဲမပါတဲ့ ပြည်ထောင်စုစစ်စစ်ကို ရိုးသားမှုရှိရှိနဲ့ အမှန်တကယ် ဖော်ဆောင်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ..။ (မြန်မာပြည်မှာ ရိုးသားမှု ရှိ၊ မရှိ အောက်မှာ ပြောပြမယ်..။)

အမေရိကန်ဆိုတာ အမျိုးသားတစ်ရပ်မှ မဟုတ်တာ.။ နိုင်ငံသား၊ ပြည်ထောင်စုသားဖြစ်မှုလေ..။ မြန်မာပြည်ထောင်စုမှာလဲ တစ်ခုတည်းသော ပြည်ထောင်စုစိတ်ဓာတ်ဖြစ်စေချင်ရင်တော့ မြန်မာအမျိုးသားဆိုတဲ့ နေရာမှာ မြန်မာပြည်ထောင်စုသားလို့ သုံးသင့်တာပေါ့။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င်..။) ကိုယ်တိုင်က မြန်မာအမျိုးသားဆိုတဲ့အစွဲကိုလဲ မလွှတ်နိုင်ဘူး..။ နှုတ်ခမ်းမွေးတကားကားနဲ့ မဟာဗန္ဓုလပုံကို တသသနဲ့ ထားချင်တယ်..။ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတွေအကြောင်းပဲ ထပ်ခါထပ်ခါပြောနေချင်တယ်..။ ပြီးတော့ မြန်မာနိုင်ငံအနှံ့က တံတားတွေမှာ ရှေးခေတ်သူရဲကောင်းနာမည်တွေ ပေးတတ်ကြတယ်..။ အနော်ရထာတံတား၊ န၀ဒေးတံတား၊ အလောင်းဘုရားတံတားစသဖြင့်ပေါ့.။ ဒီလို သူရဲကောင်းနာမည်တွေကို မြင်မှ ခေတ်လူငယ်တွေ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာမှာ မဟုတ်လား..။

ဒါပေမဲ့ မော်လမြိုင်မှာဆောက်ထားတဲ့ တံတားကိုကျတော့ တံလွင်တံတား(မော်လမြိုင်)တဲ့..။ မော်လမြိုင်နဲ့ မုတ္တမဆက်တဲ့ တံတားလေ..။ မွန်သမိုင်းအရ မုတ္တမမှာ နာမည်ကြီး မွန်သူရဲကောင်းတွေ မရှိဘူးတဲ့လား..။ ရာဇဓိရာဇ်၊ လဂွန်းအိမ်၊ အမတ်ဒိန်.. (မုတ္တမက မဟုတ်တောင် တခြားမွန်ဒေသက မွန်သူရဲကောင်းတွေ အရှိသားပါ..)။ မွန်လူငယ်တွေအတွက် ဒီသူရဲကောင်း နာမည်တွေက  အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေတာပဲ မဟုတ်ဘူးလား..။ ကချင်ပြည်နယ်မှာလဲ နယ်ချဲ့ဆန့်ကျင်ခဲ့တဲ့သူတွေ အများသားပါဗျာ..။ ဗန်းမော်နယ်က ဖုန်ကန်ဒူဝါတောင် ရှိသေး..၊ သမိုင်းမှာ အထင်အရှားပါတယ်..။ ဆမားဒူဝါကြီး (ဒူဝါဆင်ဝါးနောင်ရဲ့အဖေ)ဆိုလဲ ကချင်သမိုင်းမှာတော့ လူရိုသေ၊ ရှင်ရိုသေပါ.။ ကန်စီးဒူဝါလို သြဇာအာဏာကြီးတဲ့ ဒူဝါကြီးများ (ကချင်သူရဲကောင်းများ)လဲ ရှိသေး..။ ဒါပေမဲ့ မြစ်ကြီးနားက တံတားနာမည်က ဗလမင်းထင်တဲ့..။ ကောင်းရော…။ အင်း အဲလို အဲလိုပေါ့ဗျာ…။ ဒီလို တခြားတိုင်းရင်းသားတွေ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားအောင် လုပ်တာကျတော့ သေးသိမ်ကျဉ်းမြောင်းတဲ့ လူမျိုးစွဲဝါဒ၊ လူမျိုးကြီးဝါဒလို့ သမုတ်တယ်..။ (အသေးအဖွဲတွေ တွက်ကပ်ပြတာ မဟုတ်ဘူး..။ မရိုးသားတာကို ထောက်ပြတာပါ...။)

တစ်ချို့များပြောသလို ပြည်ထောင်စုနာမည်ကအစ ဒေသကို အစွဲပြုတဲ့ Union of Indochina Peninsula လို့ ပြောင်းလိုက်ဖို့ အထိတော့ ကျနော် မပြောချင်ပါဘူး...။ ဗမာလူမျိုး(မြန်မာ) အများစုရှိတယ်တဲ့အတွက် မြန်မာနိုင်ငံလို့ သုံးခွင့်ရှိပါတယ်.။ တစ်ခုပဲ အရေးကြီးတယ်..။ တိုင်းရင်းသားပြည်နယ်တွေရဲ့ နာမည်ကို ပြန်ဖျက်ဖို့ မကြိုးစားနဲ့..။ တိုင်းရင်းသားတွေဟာ မတူကွဲပြားတဲ့ လူမျိုးတွေဖြစ်တယ် (မြန်မာတို့ရဲ့ အုပ်ချုပ်ခံ၊ အစွယ်အပွား အနွယ်လေးတွေ မဟုတ်ဘူး.)..၊ အမျိုးသားတစ်ရပ်အဖြစ် (မြန်မာလူမျိုးအဖြစ်) ခံယူခိုင်းလို့မရဘူး..၊ အချုပ်အခြာသီးခြားရှိတဲ့ တန်းတူညီမျှတဲ့ သီးခြားအမျိုးသားများဖြစ်တယ်.၊ ဒါကြောင့် ပြည်ထောင်စုထဲမှာ တိုင်းရင်းသားအားလုံး တူညီသော ကိုယ်စားပြုမှု ဖော်ဆောင်ဖို့လိုတယ် ဆိုတာလေး စိတ်ထဲစွဲသွားရင် တော်ပါပြီ..။

လက်ညောင်းပြီ..၊ တော်ပြီ..။ နားပြီ..။ (ဆဲချင်တဲ့သူတွေလဲ ဆဲလို့ရပါပြီ..။)

ဖုန်ကန်ဒူဝါ (22nd Nov, 2012, 11:00 PM)

No comments:

Post a Comment