Monday, November 26, 2012

အိုဘားမားကို ကြိုဆိုတဲ့ ကာ/လုံရဲ့အစီအစဉ်နဲ့ တုန့်ပြန်သံများ

မြန်မာ့တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ဝင်တစ်ဦးကို အမေရိကန်သမ္မတ လုံခြုံရေးအဖွဲ့မှ စစ်ဆေးနေစဉ်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဟာ အမေရိကန်သမ္မတ အိုဘားမားအား ဧည့်ခံကြိုဆိုရေး၊ နေရာချထားရေးနဲ့ လုံခြုံရေး အစရှိတဲ့ အစီအစဉ်တွေကို ဖုတ်ပူမီးတိုက် ပြုလုပ်ပေးလိုက်ရကြောင်း စစ်ဖက်နီးစပ်သူများထံမှာ သိရှိရပါတယ်။ သမ္မတအဆင့် နိုင်ငံတော်အကြီးအကဲမှ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များကို ကြိုဆိုတဲ့ သံတမန် လုပ်ထုံးလုပ်နည်းအရ အိမ်ရှင်သမ္မတကိုယ်တိုင် လေဆိပ်သို့ ဆင်းကြိုရပြီး ကောဇောနီခင်းကာ ဘင်ခရာအပါအ၀င် ဂုဏ်ပြုတပ်ဖွဲ့နှင့် အမြောက် (၂၁) ချက် ပစ်ဖောက် ကြိုဆိုရတာမျိုး ဖြစ်သင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ မြို့တော်ကို လာရောက်ရမှာ ဖြစ်ပေမဲ့ အမေရိကန် သမ္မတဟာ နေပြည်တော်သို့ မလာရောက်နိုင်တဲ့အတွက် ကြိုဆိုမဲ့ အစီအစဉ်ဟာ ကိုးလို့ကန့်လန့် ဖြစ်နေရကြောင်း၊ ယခု ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုလိုက်တဲ့ အစီအစဉ်ဟာ နိုင်ငံပေါင်းစုံ အကြီးအကဲများ စုံညီထိပ်သီး အစည်းအဝေးမှာလို (ဥပမာ - အာဆီယံ ထိပ်သီး အစည်းအဝေးလိုမျိုး) ဂုဏ်ပြုတပ်ဖွဲ့အား လေယာဉ်ဆင်းလမ်း ဘယ်ညာမှ ကပ်ပြီး သေနတ်မြှောက် အလေးပြုကာ အိမ်ရှင်အစိုးရရဲ့ ၀န်ကြီးအဆင့်ရှိသူများသာ ဆင်းကြိုရတဲ့ ပုံစံဖြစ်သွားကြောင်း၊ ကာ/လုံအစည်းအဝေးမှာ ဒု သမ္မတ ဦးညဏ်ထွန်းအား အမေရိကန်နှင့် ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့လို့ ဂါရ၀တရားအရ ဆင်းကြိုဖို့ အကြိတ်အနယ် စဉ်းစားဆွေးနွေးသေးကြောင်း၊ သို့သော် အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ အနေအထားမှာ အစိုးရအား ထောက်ခံတဲ့ သဘောဖြစ်သွားမှာစိုးလို့ နေပြည်တော်သို့ လာရောက်မည့် အစီအစဉ်မလုပ်ချင်တဲ့အပေါ် မြန်မာနိုင်ငံအစိုးရက ကျေနပ်ဖွယ်မရှိကြောင်း၊ ဂုဏ်ပြုတပ်ဖွဲ့အား အမေရိကန် ထောက်လှမ်းရေးမှ စစ်ဆေးသည့်အပေါ်လည်း စစ်တပ်မှ တာဝန်ယူအာမခံထားတဲ့ ဂုဏ်ပြုတပ်ဖွဲ့ကို မယုံသင်္ကာလုပ်ရပ်အား ကျေနပ်ဖွယ် မရှိလှကြောင်း၊ အမေရိကန် ရဟတ်ယာဉ်တင် သင်္ဘောတစ်စီး မြန်မာရေပိုင်နက် နယ်စပ်သို့ လုံခြုံရေးအရ ၀င်ရောက်လာခြင်းအပေါ်လည်း ကာ/လုံက ဘ၀င်မကျလှကြောင်း၊ ရွှေတိဂုံဘုရားတွင် အမေရိကန် ထောက်လှမ်းရေးများ၊ လုံခြုံရေးအရ ဖိနပ်မချွတ်နိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အဖွဲ့ရဲ့ ညှိနှိုင်းလာချက်အပေါ် ကာ/လုံအဖွဲ့မှ ဗုဒ္ဓဘာသာ ကျင့်ထုံးအစဉ်အလာကို သိရှိသည့် အားလျော်စွာ ယခင်ကိုလိုနီခေတ်က ရွှေတိဂုံဘုရားပေါ် အင်္ဂလိပ်တွေ ဖိနပ်စီးခဲ့လို့ မြန်မာလူမျိုးများ မျိုးချစ်စိတ်ဖြင့် ကန့်ကွက်ခဲ့တဲ့ သမိုင်းအား သတိရကာ ကာ/လုံအစည်းအဝေးမှာ အကြိတ်အနယ် ဖြစ်ခဲ့ရကြောင်း၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်အနေနဲ့ အမေရိကန်သမ္မတအား လေယာဉ်ဝထိ လိုက်လံနှုတ်ဆက် ပို့ဆောင်နေချိန်မှာတော့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အနေဖြင့် အမေရိကန်သမ္မတအား ဖားရမလို ရှေ့တိုးနောက်ငင်ဖြစ်နေရပြီး တရုတ်ကြီးရဲ့ အမျက်တော်ရှမှာလည်း စိုးရိမ်နေပုံရကြောင်း၊ သမ္မတ ဦးသိန်းစိန်က နေ့လည်စာဖြင့် တည်ခင်းဧည့်ခံမည့် အစီအစဉ်ပြုလုပ်ချင်သော်လည်း အမေရိကန်သမ္မတက သံရုံးမှာပင် ပြုလုပ်သွားလို့ မြန်မာအစိုးရ အနေနဲ့ ဘ၀င်မကျလှကြောင်း စစ်ဖက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အဖွဲ့ဝင်များ ရွှေတိဂုံဘုရားပေါ်တွင် လှည့်လည်ကြည့်ရှုနေစဉ်
ဆက်လက်ပြီး သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းထဲမှာ အရပ်သားအစိုးရရဲ့လက်အောက်တွင် အင်အားကြီးမားတဲ့ တပ်မတော်ရှိကြောင်း ပြောဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်အတွင်း တင်းမာတဲ့အရာရှိတချို့က လက်မခံကြကြောင်း၊ သူတို့ချင်း ပြောဆိုကြတာက မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံရှိတာနဲ့ အမေရိကန်မှာ လူမျိုးပေါင်းစုံရှိတာကို နှိုင်းယှဉ်လို့ မရနိုင်သလို နိုင်ငံနှစ်နိုင်ငံရဲ့ သမိုင်းကြောင်း၊ ဖြစ်ပေါ်လာတဲ့ အခြေခံသဘာဝချင်း၊ ဓလေ့စရိုက်၊ လူနေမှုထုံးစံ စသဖြင့် ကွဲပြားခြားနားနေတာမို့ ထပ်တူထပ်မျှ ပြုလုပ်လို့ မရနိုင်ကြောင်း၊ အမေရိကန်နိုင်ငံမှာပင် ဒီမိုကရေစီ ရရှိဖို့ လက်နက်ကိုင်တိုက်ပွဲ၊ စစ်ပွဲတွေဖြစ်ပွားကာ အသက်သွေးတွေ ရင်းပြီးမှ ရယူသွားရတာ သမိုင်းစဉ်ရှိကြောင်း၊ မြန်မာနိုင်ငံအကြောင်းကို သိလို့ တပ်မတော်ဟာ အာဏာချက်ချင်း မစွန့်လွှတ်သေးပဲ အာဏာပြန်မသိမ်းချင်လို့ နယ်ဘက်အရပ်သားနဲ့ ပူးတွဲအုပ်ချုပ်တဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ထည့်သွင်းထားတာဖြစ်ကြောင်း၊ မြန်မာလူမျိုးတွေဟာ ဒီမိုကရေစီရပြီဆိုရင် စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ လုပ်လာတတ်ပြီး နောက်ဆုံးနိုင်ငံတော်ပြိုကွဲရေးအထိ ဦးတည်သွားနိုင်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာကိစ္စကို အိုဘားမားပြောဆိုသွားတာဟာ သိသာလွန်းလှပြီး တကယ်တော့ နိုင်ငံရေးပရိယာယ် ကြွယ်ဝစွာဖြင့် လိမ္မာပါးနပ်စွာနဲ့ သံတမန်စကားလုံးကိုသာ သုံးစွဲပြောင်းလဲ ပြောသွားသင့်ကြောင်း စသဖြင့် ပြောဆိုကြောင်း သိရှိရပါတယ်။
အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ကာလအတွင်း မြန်မာ့ရေပိုင်နက်အနီးတွင် ချဉ်းကပ်လှည့်လည်နေသော အမေရိကန် ရဟတ်ယာဉ်တင်သင်္ဘော
သဘောထားပျော့ပြောင်းတဲ့ စစ်တပ်အရာရှိတွေကတော့ အိုဘားမားရဲ့ စကားတစ်ခွန်းဖြစ်တဲ့ “လက်သီးဆုပ်ကို ဖြေလိုက်ရင် လက်ကမ်းဖို့အသင့်” ဆိုတဲ့စကားလေးဟာ ရိုးရိုးလေးနဲ့ Heart ထိလို့ သဘောကျကြောင်း၊ သားရေကွင်းလို အလျော့အတင်းလုပ်ပြီး အကွက်စုံသုံးတတ်တဲ့ မြန်မာ့တပ်မတော်က စစ်အာဏာရှင်တွေဟာ ညဏ်များလွန်းလှပြီး ကိုင်ကွယ်ရခက်တဲ့ အခြေအနေအပေါ်မှာ အိုဘားမားက ရအောင် ကိုင်တွယ်သွားပုံတွေကို ချီးကျူးကြကြောင်း၊ ပိုပြီးသတိထားစရာက တရုတ်ခေါင်းဆောင် အပြောင်းအလဲရှိနေချိန်မှာ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း သွားရောက်ခဲ့ပေမဲ့ အဲဒီ တရုတ်သမ္မတသစ် ဇီကျန်ပင်းရဲ့ အတွင်းစိတ်နေ သဘောထားကို သိဖို့ခက်နိုင်ကြောင်း၊ တရုတ်ကတော့ အမေရိကန် ချဉ်းကပ်လာနေတာကို သံတမန်ရေးရာ စကားလုံးတွေ ပြောနေပေမဲ့ စိုးရိမ်ပူပန်မှု အနည်းနဲ့အများဖြစ်နေမှာ သေချာကြောင်း စတာတွေကို ကာ/လုံနဲ့တပ်မတော် အသိုင်းအ၀ိုင်း နီးစပ်သူများထံမှ သိရှိရပါတယ်။
စည်းလုံးခြင်းအင်အား စာမျက်နှာမှကူးယူသည်။)

No comments:

Post a Comment