Saturday, November 24, 2012

တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေး

တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေး
စိန်သံလုံး

မြန်မာ့နိုင်ငံရေးလောက ထင်ထင်ရှားရှား ဖြစ်လာတာမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးစ အချိန်ကာလကို မေ့ပျောက်ထားလို့ မရပါဘူး။ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ နေရာရလာကြတယ်။ နေရာမရသူတွေကတော့ မကျေနပ်ကြဘူးပေါ့။ ဒါကလည်း ထုံးစံတခုလို့ ပြောရင် မှားမယ်မထင်ဘူး။ မကျေနပ်သူတွေက အတိုက်အခံတွေ ဖြစ်ကုန်ကြတာကလည်း မဆန်းပါဘူး။

ဆန်းနေတာက တပည့်မွေးတယ်။ ဆရာမွေးတယ်။ ပလူးပလဲ လုပ်ကြတယ်။ နောက်တော့ ကွဲကြ ပြဲကြနဲ့ အကွဲအပြဲ ဇာတ်လမ်းတွေ ဖြစ်ကုန်ကြရော။ တချိန်က နု-တင်၊ ဆွေ-ငြိမ်း ဆိုပြီး ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ကြတယ်၊ အဲဒီ တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေးဟာ ခုချိန်ထိ သက်ဆိုးရှည်နေတုန်းပါပဲ။

နောက်ပြီး လူတဦးတယောက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်ကို အလွန်အကျွံ ကိုးကွယ်ဆည်းကပ် တိမ်းညွတ်မှုကလည်း မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာကြီးလို ဖြစ်နေတုန်းပါပဲ။ အဲဒါကို အားနည်းချက် တခုလို့ မြင်သင့်တယ်။ ခေါင်းဆောင်တယောက်တည်းရဲ့ ဆုံးဖြတ်ချက်ဆိုတာ အများစုပေါင်း ဆုံးဖြတ်ချက်ထက် ပိုမကောင်းနိုင်ဘူး။ တယောက်တည်း စဉ်းစားဆုံးဖြတ်တာထက် အများစုပေါင်းပြီး ညှိနှိုင်းအဖြေရှာမှုက ပိုပြီး အားသာတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အမှန်တရားတခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း (အောင်ဆန်း-အက်တလီစာချုပ်) ချုပ်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ အင်္ဂလန်နိုင်ငံကို ၉-၁-၁၉၄၇ မှာ ရောက်ရှိကြပေမယ့် ဗြိတိသျှဘုရင်ခံက ရွေးတဲ့ ဦးစောက ဗိုလ်ချုပ်အောင်ဆန်းနဲ့ လေယာဉ်တစီးတည်း မစီးလို လို့ ပြောပြီး လန်ဒန်ကို လိုက်ပါသွားခြင်း မရှိခဲ့တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်ကနေ စောင့်ခဲ့ရတယ်။ ဦးစော လန်ဒန်ကို ရောက်တဲ့ ၁၃- ၁-၁၉၄၇ နေ့ ညနေ ၅ နာရီမှ အစည်းအဝေး ပထမနေ့ စတင်ခဲ့ရတာကို ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အများနှင့် ညှိနှိုင်းခြင်း စိတ်ဓာတ်ကို ပေါ်လွင်စေပါတယ်။

“NLD ပါတီလည်း သူ့ပါတီက အောက်ခြေအဖွဲ့တွေ စိတ်ဝမ်းကွဲနေကြပြီး ပါတီက နှုတ်ထွက်သူ၊ ပါတီဝင်အဖြစ်မှ နှုတ်ထွက်သူ၊ ဆိုင်းဘုတ်နဲ့ အလံကို ဖြုတ်ချသူတွေ ပါရှိလာကြပါတယ်။ ဒါ့အပြင် ပါတီခေါင်းဆောင်ဆိုသူတွေက မိန့်ခွန်းတွေ တွင်တွင်ပြောပြီး လုပ်ရပ်ကတော့ ဆွံ့အနားမကြားတဲ့အဖြစ်မျိုး ရောက်နေပြီးတော့ ကချင်ကိစ္စ၊ ရခိုင်ကိစ္စတွေမှာလည်း တရှောင်ရှောင်နဲ့ နာတာရှည် နှာစေးပြီး ကြောက်ဖျား ဖျားနေကြတယ်။ ဘယ်မှာလဲ ပြည်သူအားကိုးရမယ့် ခေါင်းဆောင်၊ ဘယ်မှာလဲ ပြည်သူ့အကျိုးဆောင်ရွက်သူတွေ ... ။”

အဲဒီနောက် အစည်းအဝေး ၁၀ ရက်မြောက်နေ့ (၂၇-၁-၁၉၄၇ နေ့) မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် အက်တလီတို့ လက်မှတ်ထိုးဖို့ သဘောတူညီကြပေမယ့် ဦးစောနဲ့ ဖဆပလ က ကိုယ်စားလှယ် သခင်ဗစိန်တို့က ကန့်ကွက်ကြတယ်။ သူတို့က သဘောမတူတဲ့ ကန့်ကွက်စာကို ရေးသားပေးပို့ရာမှာ ဦးစောက စာလုံးရေ ၆၅၀ သခင်ဗစိန်က စာလုံးရေ ၅၀၀ ရှိတယ်လို့ အစည်းအဝေးက မှတ်တမ်းတင်ခဲ့ကြတယ်။ မြန်မာအချင်းချင်း မညီညွတ်တာ ရှက်ဖို့ ကောင်းတာပေါ့။ အဲဒီဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဖေ၊ သခင်မြ၊ ဦးတင်ထွဋ်၊ အကြံပေးပုဂ္ဂိုလ် ဦးကျော်ငြိမ်း၊ သခင်ချစ်၊ အတွင်းဝန် အိုင်စီအက်စ် ဦးရွှေဘော်၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်း၊ (ဗိုလ်စင်္ကြာ)၊ ဦးစော၊ သခင်ဗစိန်နဲ့ ဦးစောခေါ်လာတဲ့ မိတ္ထီလာ ဦးဘရင်တို့ ပါဝင်တယ်။ အဲဒီမှာ နှစ်ဦးတည်း ကန့်ကွက်တာမို့ အထမမြောက်ခဲ့ဘူး။

ဗြိတိသျှအစိုးရကို အကြိတ်အနယ် လွတ်လပ်ရေး တောင်းဆိုခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့က တိုင်းပြည်အတွက် (မြန်မာပြည်အတွက်) ကြိုးပမ်းနေချိန်မှာ ဦးစောနဲ့ သခင်ဗစိန်တို့က မြန်မာပြည်ကို လွတ်လပ်ရေး မပေးဖို့ ဆန့်ကျင်ကြခဲ့တာဖြစ်လို့ အဲဒီကတည်းက သူတို့ဇာတိတွေ ပြနေကြတာပဲ။ သူတို့က ဘယ်သူ့ဘက်က လိုလားနေတယ်ဆိုတာလည်း ထင်ရှားနေတာပဲ။ အဲဒီနှစ်ယောက်ကတော့ အဲဒီအချိန်ကတည်းက အမျိုးသားသစ္စာဖောက်တွေလို့ သတ်မှတ်ရမှာပါ။ ၁၉၄၇ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ဗြိတိသျှအစိုးရရဲ့ လွတ်လပ်ရေးပေးမယ့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆို အောင်မြင်ခဲ့ပေမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ အာဏာရူးကြီး ဦးစောက ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတာ အားလုံးအသိပါပဲ။

ဗိုလ်ချုပ်အောင်ဆန်း ဘာလုပ်လုပ် အကောင်းမမြင်တဲ့ ဦးစောကို ဗိုလ်ချုပ်အောင်ဆန်းက ခွင့်လွှတ်ခဲ့လို့လည်း ဦးစောရဲ့ ယုတ်မာမှုတွေ အောင်မြင်ခဲ့တာပါ၊ ဗိုလ်ချုပ်အောင်ဆန်းက တကယ့် ဒီမိုကရေစီအခွင့်အရေးပေးသူ ဖြစ်တယ်ဆိုတာကို အသက်အသေခံပြီး ပြသွားခဲ့ပါတယ်။ စာချုပ်ကိစ္စမှာကတည်းက ဦးစောကို မယုံသင့်တာပါ။ တကယ်ဆိုရင် မြန်မာအချင်းချင်း ညီညွတ်မှု မရှိတာ ရှက်ဖို့ကောင်းသလို ဗြိတိသျှ အလိုတော်ရိ ဦးစောရဲ့ ယုတ်မာမှုက ပိုပြီး ရှက်ဖို့ကောင်းပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာပြည် လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ အဲဒီနောက် ဦးနုအစိုးရကို ပုန်ကန်တောခိုကြသူတွေ ရှိလာခဲ့ပါတယ်။ သခင်သန်းထွန်း ဦးဆောင်တဲ့ ကွန်မြူနစ်၊ KNDO (ကရင်)၊ MNDO (ပအို့)၊ မူဂျာဟစ်တို့လည်း တောခိုပြီး ပုန်ကန်ကြတယ်။ အဲဒီလို ပုန်ကန်မှုတွေအပြင် ရဲဘော်ဖြူ-ရဲဘော်ဝါ ဆိုပြီး ပြည်သူ့ရဲဘော် နှစ်ခြမ်းကွဲကြပြီး နောက်ထပ် သန့်ရှင်းဖဆပလ (ဦးနု-ဦးတင်)၊ တည်မြဲဖဆပလ (ဦးဗဆွေ-ဦးကျော်ငြိမ်း) တို့လည်း နှစ်ခြမ်းကွဲကြတယ်။ ၀ါဒမတူ ရည်မှန်းချက်မတူတဲ့ အကွဲအပြဲတွေ ဖြစ်ခဲ့ကြတာကို သင်ခန်းစာယူသင့်ကြတာပေါ့။ တကယ်ဆိုရင် အချင်းချင်းတွေ ညီညွတ်မှုမရှိလို့ ကွဲကြပြဲကြတာပါ။ အဓိက ကတော့ ပုဂ္ဂိုလ်တဦး၊ လူတဦးကို ကြည်ညိုမှု အားကိုးမှု တိမ်းညွတ်မှုတွေ လွန်ကဲတဲ့ ပလူးပလဲ နိုင်ငံရေးကြောင့်ဆိုတာ သင်ခန်းစာယူသင့်တယ်။

၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီ-မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဖြစ်ခဲ့ပြီး ၁၉၈၈ မှ ၂၀၁၁ အထိ စစ်အစိုးရခေတ် ဖြစ်ခဲ့ချိန်တွေမှာ အကွဲအပြဲများရှိခဲ့ပြီး အချင်းချင်း ယုံကြည်မှု မရှိတော့လို့ နှုတ်ထွက်သွားတာတွေ၊ ထုတ်ပယ်ခံရတာတွေ အနားယူသွားတာတွေကလည်း သင်ခန်းစာယူစရာတွေပါ။ ၂၀၁၁ ဧပြီလက စပြီး ပါတီစုံဒီမိုကရေစီစနစ်သစ်နဲ့ အစိုးရသစ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွေ ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမယ့် ဥပဒေပြုရမယ့် တာဝန်ရှိတဲ့ လွှတ်တော်တွေက အရည်အချင်းမရှိသူတွေ များနေတော့ ရေသာများပြီး ငါးမတွေ့ဆိုတဲ့ အခြေအနေမျိုးကို ရောက်နေတယ်။ တကယ် ဥပဒေကို နားလည်ပြီး အကြံကောင်း ဥာဏ်ကောင်းတွေကို ပေးနိုင် ပြောနိုင်တဲ့ လူက လက်ချိုးရေလို့ ရတယ်။ တမတ်သား လွှတ်တော်ကိုယ်စားလှယ်တွေက လက်ညှိုးထောင် ခေါင်းညိတ်ရုံ၊ အထက်က အမိန့်ပေးတာကို နာခံပြီး ကန့်ကွက်ရုံက လွဲလို့ ဘာမှ အားကိုးလို့မရဘူး။ တကယ်ဆိုရင် ရှက်တတ်တဲ့ လူတွေဆို မျက်နှာတောင် ပြဖို့ မသင့်တော့ဘူး။ ဖွဲ့စည်းပုံမှာ တဖက်စောင်းနင်း လုပ်ထားတာတွေကို ပြင်ခွင့် မရမချင်း ပါလီမန်ဒီမိုကရေစီလို့ ခေါ်လို့မရဘူး။

ပါတီစုံဒီမိုကရေစီခေတ်လို့ ကြွေးကြော်နေကြပေမယ့် တပည့်မွေး ဆရာမွေးစနစ်က ရှိနေသေးတာမို့ ပလူးပလဲနိုင်ငံရေး ၀ဲသြဃထဲမှာ နစ်မြုပ်လျက် ရှိနေပါတယ်။ ခုချိန်မှာ ပါတီတွေ တည်ထောင်ခွင့် ရရှိနေကြတာမို့ ပါတီကြီး ပါတီသေးတွေ ရေပန်းစားနေကြပါတယ် တကယ်အားကိုးရတဲ့ ပါတီ၊ ပြည်သူ့အကျိုးကို ဆောင်ရွက်တဲ့ပါတီ၊ ပြည်သူ့အကျိုးကို လိုလားတဲ့ပါတီတွေ ရှိမှရှိရဲ့လားလို့ မေးစရာ ဖြစ်လာပြီ။ ဘာကြောင့်ဆို ၂၀၁၂ ခုနှစ်မှာ လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ အခြေခံလူတန်းစား အများစု ဒုက္ခရောက်နေတာ အားလုံးသိကြတဲ့အတိုင်းပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အလုပ်သမား၊ လယ်သမားနဲ့ အခြေခံလူတန်းစားတွေ တွေ့ကြုံနေရတဲ့ ဒုက္ခဆင်းရဲတွေကို ဘယ်လောက် လုပ်ပေးနိုင်လို့လဲ၊ ဘယ်လောက် အားကိုးရလို့လဲ။

ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌကို သမ္မတ ဦးသိန်းစိန်ကိုပဲ ထပ်ပြီး ရွေးချယ်ကြလို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အငြင်းပွားနေကြပါတယ် (ဖွဲ့စည်းပုံထဲမှာ နိုင်ငံဝန်ထမ်းဆိုတာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်တဲ့။ သမ္မတဆိုတာ နိုင်ငံဝန်ထမ်းထဲမှာ အကြီးဆုံးပဲ။ သတ်မှတ်လစာ သိန်းငါးဆယ်တောင် ပေးထားတယ်)။ NLD ပါတီလည်း သူ့ပါတီက အောက်ခြေအဖွဲ့တွေ စိတ်ဝမ်းကွဲနေကြပြီး ပါတီက နှုတ်ထွက်သူ၊ ပါတီဝင်အဖြစ်မှ နှုတ်ထွက်သူ၊ ဆိုင်းဘုတ်နဲ့ အလံကို ဖြုတ်ချသူတွေ ပါရှိလာကြပါတယ်။ ဒါ့အပြင် ပါတီခေါင်းဆောင်ဆိုသူတွေက မိန့်ခွန်းတွေ တွင်တွင်ပြောပြီး လုပ်ရပ်ကတော့ ဆွံ့အနားမကြားတဲ့အဖြစ်မျိုး ရောက်နေပြီးတော့ ကချင်ကိစ္စ၊ ရခိုင်ကိစ္စတွေမှာလည်း တရှောင်ရှောင်နဲ့ နာတာရှည် နှာစေးပြီး ကြောက်ဖျား ဖျားနေကြတယ်။ ဘယ်မှာလဲ ပြည်သူအားကိုးရမယ့် ခေါင်းဆောင်၊ ဘယ်မှာလဲ ပြည်သူ့အကျိုးဆောင်ရွက်သူတွေ ... ။ ပြောရရင် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတော့မှာပဲ။

နှစ်နဲ့ချီပြီး ပါတီအကျိုးကို လိုလားပြီး ဒုက္ခခံ ထောင်ကျခံ အနစ်နာခံကြသူတွေများက သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ အနစ်နာခံမှုတွေကို ပါတီရဲ့ဗဟိုက အသိအမှတ်ပြုခြင်း မခံရလို့ဆိုပြီး နှုတ်ထွက်သွားသူတွေလည်း ရှိနေပါတယ်။ ဒါကို ဒီမိုကရေစီစနစ်ရဲ့ ဖြစ်လေ့ဖြစ်ထ ဖြစ်ရိုးဖြစ်စဉ်လို့ တရားသေ သတ်မှတ်လို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် နားလည်ပေးသင့်တာပေါ့။ အကွဲအပြဲကတော့ စလာပါပြီ။ ရှေ့ဆက် ဘာတွေဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။

နောက်ပြီး NDF ပါတီက ပါတီဝင်တွေ စိတ်ဝမ်းကွဲကြတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ နှုတ်ထွက်ပြီး ပါတီပြောင်းကြတယ်။ ပါတီသစ်ထောင်သူထောင်၊ NLD ထဲ ရောက်သူရောက်နဲ့ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲပြီး ဖရိုဖရဲ ဖြစ်လာတဲ့ အခြေအနေတွေကို မြင်တွေ့လာရတယ်။ အလားတူပဲ တခြားပါတီတွေမှာလည်း ပြဿနာမျိုးစုံ ရှိနေကြတယ်။ ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် အချင်းချင်းကလည်း မကျေနပ်မှုတွေ၊ စွပ်စွဲပြစ်တင်မှုတွေ လုပ်ဖို့ ကြိုးစားနေကြတယ်။ သူတို့က တမိန့်တအာဏာနဲ့ အုပ်ချုပ်လာတာ ကြာပြီ။ ခု မရတော့ဘူး။ သူတို့ပါတီထဲမှာလည်း ဖြုတ်ထုတ်ရှင်းတွေ စလုပ်နေပြီ။

ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားအောင်မြင်ဖို့ဆိုရင် အချင်းချင်း ညီညွတ်ဖို့ လိုတယ်။ ပါတီဝင် အချင်းချင်း အကွဲအပြဲ ဖြစ်ကြခြင်းကတော့ နစ်နာဆုံးရှုံးမှုများပဲ ဖြစ်ပါတယ်။ အဲဒါက ပါတီဝင်တွေ အနစ်နာခံမှု ကြိုးစားဆောင်ရွက်မှုတွေကို ပါတီခေါင်းဆောင်တွေက အသိအမှတ်ပြုခြင်း၊ မျှတစွာ ဆုံးဖြတ်ခြင်းတွေနဲ့ ဆိုင်တယ်။ လက်ရှိ ဖွဲ့စည်းပြီးတဲ့ ပါတီငယ်တွေကလည်း လှုပ်ရှားမှု၊ ပြည်သူ့အကျိုးပြုမှုတွေ သိပ်မမြင်ရဘူး။ ပါတီခေါင်းဆောင် တော်တော်များများက တိုင်းပြည်ရဲ့ ခေါင်းဆောင်ဖြစ်ချင်ကြတယ်။ ဒါပေမယ့် ခေါင်းဆောင်ရဲ့အရည်အချင်းကို ပြည့်ဝအောင် ကြိုးစားဖို့ လိုပါသေးတယ်။ ကိုယ့်ပါတီကိုတောင် နိုင်နိုင်နင်းနင်း အုပ်ချုပ်မှုမပေးနိုင်ရင် တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မှာလဲ (ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားလူမျိုးစုအားလုံး လက်ခံနိုင်အောင် ပင်လုံညီလာခံနဲ့ ကြိုးပမ်းခဲ့တယ်။ ဒါကြောင့် အများချစ်တဲ့ ခေါင်းဆောင်ဖြစ်လာတယ်)။

မြန်မာနိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်ရင် အင်္ဂလိပ်လက်အောက် ရောက်ရခြင်းက သီပေါမင်းရဲ့ ခေါင်းဆောင်မှု ညံ့ဖျင်းလို့၊ ကင်းဝန်မင်းကြီး ခြယ်လှယ်လို့ ဆိုတာ ငြင်းလို့ မရတဲ့ သမိုင်းဖြစ်ရပ်တခုပါပဲ။ သီပေါမင်းရဲ့ နောက်က ကြိုးကိုင်သူ စုဖုရားလတ်ဆိုတဲ့ မိဖုရားက အာဏာမက်ခဲ့လို့လည်း အင်္ဂလိပ်တွေရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတာပါ။ တကယ်အရည်အချင်း ရှိသူတွေကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကလည်း ထက်မြက်တဲ့ အင်အားတွေ လျော့ပါးသွားစေတာပဲ။ အားကိုးရမဲ့ လူတွေ မရှိတဲ့အချိန်မှာ အင်္ဂလိပ် ပြုသမျှ နုခဲ့ရတာပေါ့။

ဒီကနေ့ မြန်မာနိုင်ငံအတွက် ခေါင်းဆောင်များများ မရှိပါဘူး။ ရှားနေတဲ့အတွက် နောက်ထပ် မျိုးဆက်သစ်ခေါင်းဆောင်တွေကို အားကိုးချင်ကြပါတယ်။ ဘယ်သူ့ကို အားကိုးလို့ ရမလဲ။ ဘယ်သူ့ကို ယုံကြည်လို့ ရမလဲ။ ဘယ်သူက ဘယ်လောက် အရည်အချင်း ရှိနေသလဲ။ ရှာကြည့်လိုက်ပါ။ ခက်နေ ၏တာက ရှေးက အစဉ်အလာကြီးတိုင်း လူပုဂ္ဂိုလ်တဦးတယောက်ကိုသာ ကိုးကွယ် - ဆည်းကပ် - တိမ်းညွတ်နေကြမယ်ဆိုရင် အဲဒီခေါင်းဆောင် မရှိတဲ့အခါ ဘယ်သူ့ကို အားကိုးကြမလဲ။ NLD ပါတီကို နမူနာပြမယ်။ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် ၂ - ၃ - ၄ - ၅ ရှိသလား။ အများယုံကြည်နိုင်တဲ့ ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိသလဲ။ တကယ်ဆိုရင် နိုင်ငံမှာ အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေ မျိုးဆက်သစ်တွေကို တရုတ်က မွေးသလို ကြိုပြီး မွေးထားကြဖို့ လိုပြီပေါ့။ ဒီလိုမှ မလုပ်ရင် အခု ဖြစ်နေတဲ့ တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေးအခင်းအကျင်းနဲ့ ဘယ်လို ရှေ့ဆက်ကြမှာလဲ။ စဉ်းစားလို့တောင် မရဘူး။ ရင်လေးစရာကြီးပါ။

စိန်သံလုံး

 ဒေါက်တာလွဏ်းဆွေ ဘလောက်စာမျက်နှာမှကူးယူသည်။

No comments:

Post a Comment