Saturday, November 24, 2012

တူညီသော ကိုယ်စားပြုမှု လိုပါသည် (၁)

zawhkunnaw facebook စာမျက်နှာမှကူးယူသည်။
ကိုလိုနီခေတ်ဗမာပြည်(British Burma)မှာ ဒေါက်တာဘမော်၊ ဦးစော၊ ဆာပေါ်ထွန်း အစရှိတဲ့ နာမည်ကျော် နိုင်ငံရေးသမားတွေ ရှိခဲ့ပါတယ်.။ ဗြိတိသျှအစိုးရရဲ့ အစိုးရအဖွဲ့မှာလဲ ၀န်ကြီးချုပ်(အဲဒီတုန်းကတော့ အတွင်းဝန်လို့ခေါ်မလား၊ နန်းရင်းဝန်လို့ ခေါ်မလားပဲ)၊ ၀န်ကြီးနေရာတွေမှာ ဗမာလူမျိုးများ ပါဝင်ကြပါတယ်..။ ရှင်းရှင်းပြောရရင် ဗြိတိသျှဘားမားကို ဗမာလူမျိုးပညာတတ်များကပဲ ဦးဆောင်ခဲ့ကြတာပါ..။ ဆာမောင်ကြီးဆိုရင် ၁၉၃၀ ခုနှစ်မှာ ခေတ္တဘုရင်ခံတောင်ဖြစ်ပါသေးတယ်.။ (Sir ဘွဲ့တောင် ရထားတာနော်..၊ နဲနဲနောနောအဆင့် မဟုတ်ဘူး.။ သခင်မျိုးဟေ့ ဒို့ဗမာဆိုတဲ့ ခေတ်ကြီးထဲမှာ ဗြိတိသျှဘုရင်/မကြီး ချီးမြင့်တဲ့ ဆာဘွဲ့ရဖို့ဆိုတာ မျက်နှာဖြူတွေရဲ့ မျက်စိရှေ့မှာ အစွန်းအထင်းမရှိ၊ ပြောစရာမရှိအောင် နေနိုင်မှရတာမျိုးပါ..။ ဆာထွန်းအောင်ကျော်၊ ဆာမောင်ဘ၊ ဆာမောင်ခင် စတဲ့သူတွေဟာလဲ ဗြိတိသျှဘားမားလက်ထက်က ဆာဘွဲ့ရခဲ့တဲ့ နိုင်ငံရေးသမား၊ ၀န်ကြီးတွေ၊ လွှတ်တော်အမတ်တွေ ဖြစ်ကြပါတယ်..။) (မှတ်ချက်။ ။ ဆာမောင်ကြီးက မော်လမြိုင်သား၊ မွန်သွေးပါသူလို့ ထင်ပါတယ်..။)

ဒီလိုမျိုး၊ (ဘုရင်ခံဗြိတိသျှလူမျိုးကလွဲလို့) ဗမာပြည်အစိုးရကို ဗမာတိုင်းရင်းသားများက ဦးဆောင်ခဲ့ပေမဲ့လည်း ကျွန်ကတော့ ကျွန်ပါပဲ..။ အောက်ခြေပိုင်းက အိုင်စီအက်စ်၊ မြို့အုပ်မြို့ပိုင်၊ ယစ်မျိုးအရာရှိဆိုသူတွေမှာလဲ ဗမာလူမျိုးများ ပါဝင်အုပ်ချုပ်ခဲ့ကြပါတယ်..။ ဒါပေမဲ့ တိုင်းတပါးကျွန်အဖြစ်ပဲ သမိုင်းမှာ မှတ်တမ်းထိုးထားနိုင်ခဲ့ပါတယ်..။ ဘာကြောင့်ဆို မိမိတို့နဲ့ ဘာဆိုဘာမှ တူညီမှုမရှိတဲ့လူမျိုးတစ်မျိုးက လက်နက်အားကိုနဲ့ ကျူးကျော်သိမ်းပိုက်ပြီး ဂုတ်သွေးစုတ်အမြတ်ထုတ်နေခဲ့လို့ ဖြစ်ပါတယ်..။ ပညာတတ်ပြီး လူရည်လည်တဲ့ (အထက်တွင်ဖော်ပြထားသူများအပါအ၀င်) ပုဂ္ဂိုလ်တစ်ချို့ကတော့ နင်းပြား အဆင့်ကရုန်းထွက်ပြီး ဗြိတိသျှအုပ်ချုပ်ရေးယန္တယားမှာ အသုံးတော်ခံ၊ ဗြိတိသျှအင်ပါယာအနှံ့ ခြေဆန့်ပြီး ဗြိတိသျှရဲ့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် ခံယူခဲ့ကြပါတယ်..။ မျိုးချစ်စိတ်မရှိဘူးလို့တော့ မပြောလိုပါဘူး..။ (ခုခေတ်စကား အတိုင်းပြောရရင်တော့ လူမျိုးစွဲ၊ ဒေသစွဲကင်းပြီး၊ ပြည်ထောင်စုစိတ်ဓာတ်၊ အင်ပါယာစိတ်ဓာတ်ထားရှိကြသူ၊ သဘောထားကျယ်ပြန့်ကြသူတွေပေါ့လေ..။) အဆိုပါပုဂ္ဂိုလ်များ (ဆာဘွဲ့ရပုဂ္ဂိုလ်များအပါအ၀င်)ဟာ ဒီကနေ့ မြန်မာနိုင်ငံရေး သမိုင်းမှာ၊ လူထုအမြင်မှာ သခင်ကိုယ်တော်မိုင်း၊ ဆရာစံ၊ ကိုအောင်ဆန်းတို့နဲ့ ယှဉ်ရင် ဘယ်လိုအဆင့်အတန်းပဲ သတ်မှတ် ခံထားရသလဲဆိုတာ ကျနော်ပြောပြနေစရာ မလိုပါဘူး..။

ဒုတိယကမ္ဘာစစ်မစခင်အချိန်မှာ အိန္ဒိယ-ဘားမား တွဲမလား၊ ခွဲမလားဆိုပြီး Issue တက်ပါတယ်..။ ကုလားလဲ အင်ပါယာသား၊ ဗမာလဲ အင်ပါယာသားပဲ ဆိုပြီး အမြင်ကျယ်တဲ့၊ သေးသိမ်ကျဉ်းမြောင်းသောလူမျိုးစွဲမရှိသူတွေက တွဲရေးဘက်က လှုပ်ရှားကြပါတယ်..။ ဘာလို့ ပြည်နယ်ခွဲရမလဲ၊ ဗြိတိသျှအင်ပါယာထဲမှာ အေးအတူ၊ ပူအမျှ ဥမကွဲ၊ သိုက်မပျက် စည်းစည်းလုံးလုံးနေကြတာပေါ့..၊ ခိတ္တိယအနွယ်ဆိုတာလဲ အိန္ဒိယကဆင်းသက်လာတာပဲလို့ သဘောထားကြသလားပဲ..။ ခွဲရေး၊ တွဲရေးအငြင်းအခုန်တိုက်ပွဲကြီးအပြီး ၁၉၃၉မှာ အိန္ဒိယကနေ ဗမာပြည်နယ်ကို သီးခြားခွဲထုတ်လိုက်ပါတယ်..။ ၉၁ ဌာန အုပ်ချုပ်ရေးစနစ်နဲ့ ဗမာလူမျိုးများကပဲ ဦးဆောင်ပြီး အုပ်ချုပ်တာပါ..။ ဘယ်သူပဲ အုပ်ချုပ်သည်ဖြစ်စေ၊ အမျိုးသားလူထုလက်ထဲ အချုပ်အချာအာဏာ မရှိတဲ့အတွက် သူ့ကျွန်ကတော့ သူ့ကျွန်ပါပဲ..။

မြန်မာပြည်ကို လွတ်လပ်ရေးပေးတော့မယ့်အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလရဲ့ ဘုရင့်အတိုင်ပင်ခံ ကောင်စီကို ဗြိတိသျှက တိုက်တွန်းပါတယ်.၊ လုံးဝသီးခြားလွတ်လပ်ရေးမဟုတ်ဘဲ၊ ဗြိတိသျှရဲ့ ဓနသဟာယ (Commonwealth of nations) နိုင်ငံအဖြစ်ပဲ လွတ်လပ်ရေးယူဖို့ပါ..။ တစ်နည်းပြောရရင် Dominiom status ပေါ့လေ..။ တစ်ချို့သော ဓနသဟာယနိုင်ငံ (Commonwealth realms) ဆိုရင် ဗြိတိသျှဘုရင်/မကို (ဂုဏ်ထူးဆောင်) နိုင်ငံတော်အကြီးအကဲ (Monarch) အဖြစ် သတ်မှတ်ထားရပါတယ်..။ ဒါပေမဲ့ ဗြိတိသျှက (ပြည်မအစိုးရလို့ပဲ ဆိုပါတော့) အဆိုပါတိုင်းပြည်ရဲ့ ပြည်တွင်းရေးနဲ့ အချုပ်အချာအာဏာကို ထိပါးခွင့်မရှိပါဘူး..။ အမှန်တကယ်အာဏာရှိတဲ့ အစိုးရအဖွဲ့အကြီးအကဲကို နိုင်ငံသားတွေက ရွေးချယ်တင်မြှောက်ခွင့်ရှိပါတယ်..။ လူသိများတဲ့ နိုင်ငံတွေထဲကပြောရင် သြစတေးလျ၊ နယူးဇီးလန်၊ ဂျမေကာနဲ့ ကနေဒါတို့ရဲ့ နိုင်ငံတော်အကြီးအကဲဟာ ဗြိတိသျှဘုရင်မကြီး Elizabeth the second ဖြစ်ပါတယ်.။ မြန်မာနိုင်ငံကတော့ သီးခြားလုံးဝလွတ်လပ်ရေးယူလိုက်ပြီး ညောင်ရွှေစော်ဘွား စောဝ်ရွှေသိုက်ကို သမ္မတ (ဂုဏ်ထူးဆောင် နိုင်ငံတော်အကြီးအကဲ)၊ ဦးနုကို ၀န်ကြီးချုပ် (အာဏာရအစိုးရအကြီးအကဲ) အဖြစ် တင်မြှောက်ခဲ့ပါတယ်..။ (ဗြိတိသျှဆို အသံတောင် မကြားချင်၊ ကျွန်အငွေ့အသက်ရလွန်းလို့ပါ..။)

တကယ်တော့ ကိုလိုနီခေတ် ဗမာပြည်ရဲ့ နိုင်ငံရေးဟာ လည်ရင်လည်သလို လုပ်လို့ရတဲ့ အခြေအနေမှာပါ..။ ဗြိတိသျှလက်အောက်မှာ အမှုထမ်းပေမဲ့ ဆရာသိပ္ပံမောင်ဝလို၊ မန်းတင်လို မျိုးချစ်စိတ်ထက်သန်တဲ့ ပုဂ္ဂိုလ်တွေလဲ အများ အပြားရှိပါတယ်..။ ပြီးတော့ နိုင်ငံရေးလုပ်ပြီး ဗြိတိသျှအစိုးရမှာ ၀န်ကြီးနေရာ၊ လွှတ်တော်အမတ်နေရာ လွယ်လွယ်ကူကူ ၀င်ယူနိုင်တဲ့ အခြေအနေမျိုးပါ..။ (အရမ်းမခက်ခဲဘူးလို့ ဆိုလိုပါတယ်..။) ပြီးတော့ အစိုးရအဖွဲ့မှာ ဗမာလူမျိုး တစ်ယောက်စ၊ နှစ်ယောက်စ ကြားညှပ်ပါတာမျိုး မဟုတ်ပါဘူး..။ (လက်ရှိအစိုရမှာ Non-burmese ဒေါက်တာစိုင်းမောက်ခမ်းတစ်ယောက်ပဲ ညှပ်ပါနေတာမျိုး၊ ယခင်စစ်အစိုးရလက်ထက်မှာ စစ်တိုင်းမှူးအားလုံး ဗမာလူမျိုးများသာဖြစ်ပြီး တိုင်းရင်းသားဒေသမှာ ဘုရင်တစ်ဆူလို စိုးစံခဲ့တာမျိုး၊ တိုင်းရင်းသားပညာတတ်များ အစိုးရအဖွဲ့မှာ ကိုယ်စားပြုခွင့် မရှိတာမျိုး မဟုတ်ပါဘူး…။) ဖက်ဆစ်နဲ့ပေါင်းပြီး ဘုရင့်အင်ပါယာကို တော်လှန်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတောင် စစ်ပြီးခေတ် ဘုရင့်အတိုင်ပင်ခံကောင်စီမှာ အတွင်းဝန်(နှင့်ကာကွယ်ရေးဝန်ကြီး) ဖြစ်ခွင့်ရှိပါသေးတယ်..။ ခုခေတ်မှာလို နိုင်ငံရေး အကျဉ်းသားအဖြစ် နှိပ်ကွက်မှု၊ ပိတ်ပင်မှုတွေ မရှိခဲ့ပါဘူး..။ အင်ပါယာကိုတော်လှန်ခဲ့တဲ့သူ အင်ပါယာရဲ့ ရွေးကောက်ပွဲမှာ မပါရဘူးလို့ မတားမြစ်ခဲ့ကြပါဘူး..။ ဥပမာပြောရရင် ကေအိုင်အို ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာမနမ်တူးဂျာက ကေအိုင်အိုကထွက်ပြီး Kachin State Progressive Party (KSPP) ထောင်ဖို့ လျှောက်တော့ သက်ဆိုင်ရာက ခွင့်မပြုပါဘူး..။ ဗိုလ်ချုပ်အောင်ဆန်း ၀န်ကြီးချုပ်ဖြစ်ချိန်မှာ မျိုးချစ်ဗမာ့တပ်မတော်ကနေ နှုတ်ထွက်ပြီး ပြည်သူ့ရဲဘော်ပါတီ (ပြည်သူ့စစ်တပ်ဖွဲ့)ရဲ့ ခေါင်းဆောင် တာဝန်ယူထားပြီ ဖြစ်သလို၊ ဒေါက်တာမနမ်တူးဂျာကလဲ ကေအိုင်အိုနဲ့ ဘာမှာ မဆိုင်တော့တဲ့သူပါ..။ (ကေအိုင်အိုကိုယ်တိုင်က ဖွဲ့စည်းပုံရေးတဲ့ ညောင်နှစ်ပင်ညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ အဖွဲ့ပါ..။ NLD လို boycott လုပ်ထားတဲ့ အဖွဲ့မဟုတ်ပါဘူး..။)

စကားမစပ် အတင်းတုတ်လိုက်ပါဦးမယ်..၊ တပ်ချုပ်ကြီး အနားမယူခင်စပ်ကြားလေးမှာ သူ့လူတွေကို မှာခဲ့ပါသတဲ့..။ ကချင်တွေ လူခွဲကစားလိမ့်မယ်..၊ မျက်ခြေမပျက်စေနဲ့ စသဖြင့်ပေါ့..။ အပေါ်မှာပြောထားသလို ဒေါက်တာတူးဂျာက ကေအိုင်အိုက ထွက်ပြီး ၂၀၀၈ ဥပဒေအောက် နိုင်ငံရေးဘက်ကနေ လူခွဲကစားမယ့်အကြောင်း သတိပေးခဲ့တာ..။ အခုကြည့်လိုက်စမ်းပါဦး..၊ ဘယ်သူလူခွဲကစားသလဲဆိုတာ..။ ဦးသိန်းစိန် သမ္မတလုပ်စေ..၊ ဦးရွှေမန်း လွှတ်တော်ဘက်ကနေ ချုပ်ထား..၊ ဦးဌေးဦး ပါတီဘက်မှာ ခြေကုတ်ယူ..၊ ဦတေဇ တိုးတိုးတိတ်တိတ်၊ မြန်မြန်များများနော်… ဆိုပြီးတော့ပေါ့..။ သူ့လူဟောင်းတွေ အသွင်ပြောင်းထားတာချည်းပဲ.. ဟက် ဟက် ။ အတင်းပြောတာပါ.. ကြုံလို့..။

နဂိုအစ ပြန်ကောက်ရရင် နိုင်ငံရေးအရ ဗမာလူမျိုးတွေအတွက် ထွက်ပေါက်အများကြီး ရှိနေပေမဲ့ ကိုအောင်ဆန်းနဲ့ လူငယ်များ အမျိုးသားလွှတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် ဗမာ့လွတ်မြောက်ရေးတပ်(BIA) ကို ခဲရာခဲဆစ်ဖွဲ့စည်းတည်ထောင်ပြီး လက်နက်စွဲကိုင် တော်လှန်ရေးဆင်နွှဲခဲ့ကြပါတယ်..။ နိုင်ငံရေးအရ ၀န်ကြီး၊ ၀န်ကြီးချုပ်၊ ဘုရင်ခံအဆင့်အထိ ဖြစ်နိုင်ပေမဲ့၊ (တိုင်းပြည်နဲ့ လူမျိုးအကျိုးကို အကြမ်းမဖက်ဘဲ သယ်ပိုးနိုင်ပေမဲ့) ဘာကြောင့် လက်နက်ကိုင်နည်းလမ်းကို စွဲကိုင်ခဲ့ကြပါသလဲ..။ အဖြေကတော့ အပေါ်မှာ ရှည်ရှည်ဝေးဝေးပြောခဲ့တဲ့ Dominion Status ဆိုတာကို မလိုချင်ကြလို့ပါပဲ..။ Dominion ဓနသဟာယဆိုတာကို တိုင်းတပါးစွက်ဖက်မှု၊ တိုင်းတပါးရဲ့ကျွန် ရုပ်သေးအစိုးရလို့ မြင်တဲ့အတွက် လုံးဝမလိုလားခဲ့ကြပါဘူး..။ နိုင်ငံရေးနည်းလမ်းအရ အလွန်ဆုံး ရွှေရည်စိမ်လွတ်လပ်ရေး၊ ဓနသဟာယအဆင့်ပဲ ရနိုင်တယ်လို့ ယုံကြည်တဲ့အတွက် အလုံးစုံလွတ်လပ်ရေးကို မျှော်မှန်းပြီး လက်နက်စွဲကိုင်ခဲ့ကြတာ ဖြစ်ပါတယ်.။ ဗြိတိသျှအစိုးရကို သူပုန်ထခဲ့ကြတာဖြစ်ပါတယ်..။

ဘာကြောင့် အလုံးစုံလွတ်လပ်ရေးကိုမှ လိုလားကြပါသလဲ..။ သြစတေးလျ၊ ကနေဒါလို အင်အားကြီးနိုင်ငံတွေတောင် ဗြိတိသျှနဲ့ စဉ်ဆက်မပြတ်ဆက်ဆံချင်ပေမဲ့ သခင်မျိုးဒို့ဗမာကတော့ ဗန္ဓုလကို ဗြိတိသျှ စစ်ဗိုလ်အလေးပြုတဲ့အကြောင်းပဲ တ၀ဲလည်လည်ပြောပြီး ဘယ်လိုကြောင့် မျက်နှာထားတင်းခဲ့ကြပါသလဲ..။ အကြောင်းရှိပါတယ်....။ အင်္ဂလိပ်နဲ့ ဗမာဟာ အဆင့်အတန်းတူတဲ့ လူမျိုးတွေဖြစ်တယ်ဆိုတဲ့ အချက်ကြောင့်ပါ..။ ဘယ်သူ့ ဘယ်သူမှ အထက်စီးနေလို့ မရသလို၊ ဘယ်သူ့ လောင်းရိပ်အောက်မှာမှ မနေချင်လို့ပါ..။ ဘာမှ တူညီမှု၊ သက်ဆိုင်မှု မရှိတဲ့ လူမျိုးတွေ ဖြစ်လို့ပါပဲ..။ ထပ်ရှင်းရရင် တူညီသော ရိုးရာ၊ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ထုံးတမ်းစဉ်လာကို မျှဝေကိုယ်စားပြုသူတွေ မဟုတ်ကြလို့ပါပဲ..။

ကိုးရီးယားလို Monocultural society တောင် နိုင်ငံရေးအရ နှစ်ပိုင်းကွဲနေတာမို့၊ မတူကွဲပြားတဲ့ လူမျိုးတွေ ဖြစ်နေရင်တော့ အပိုင်းပိုင်းကွဲထွက်သွားနိုင်ပါတယ်.။ ဒါကြောင့် နိုင်ငံရေးအရတော်လှန်မှုကို မပြောဘဲ လူမျိုးရေးအရ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကိုပဲ ဇောင်းပေး ပြောပါရစေ..။ လူမျိုးနှစ်မျိုးအနက် တစ်မျိုးကအုပ်ချုပ်သူဖြစ်ပြီး၊ ကျန်တစ်မျိုးက တူညီသောကိုယ်စားပြုခွင့်မရှိ၊ အုပ်ချုပ်ခံသက်သက်သာ ဖြစ်မယ်ဆိုရင် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေ ဖြစ်လာရပါတယ်..။ ဗမာလူမျိုးများကိုယ်တိုင်လဲ တစ်ချိန်က အုပ်ချုပ်သူအတန်းအစား လူမျိုးတစ်မျိုးကို အမျိုးသားလွတ်မြောက်ရေး အဖြစ် တိုက်ပွဲဝင်ခဲ့တဲ့အကြောင်း မမေ့သင့်ပါဘူး..။

လွတ်လပ်ပြီးခေတ် ဗကပ၊ ၈၈မျိုးဆက်တွေရဲ့ ABSDF တို့ တောခို၊ တော်လှန်တယ်ဆိုတာ နိုင်ငံရေးအရသာ ဖြစ်ပါတယ်..။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအသွင် လုံးဝမဖြစ်ခဲ့ပါဘူး..၊ ဖြစ်လဲ မဖြစ်နိုင်ပါဘူး..။ (အုပ်ချုပ်သူ ဗမာလူမျိုးများ အချင်းချင်းကြား ပြည်သူနဲ့ အာဏာရှင်အကြား အာဏာလုကြတဲ့ နိုင်ငံရေးတိုက်ပွဲပဲ ဖြစ်ပါတယ်..။) ကျန်တိုင်းရင်းသားများသာ အမျိုးသားလွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသက်၊ သွေး၊ ချွေး များစွာ ရင်းနှီးခဲ့ရပါတယ်..။ အပေါ်မှာ ပြောထားတဲ့အတိုင်း အမျိုးသားလွတ်မြောက်ရေးလုပ်တယ်ဆိုတာ တူညီသောယဉ်ကျေးမှုအစဉ်အလာကို ခွဲဝေကိုယ်စားပြုခြင်း မရှိတဲ့ လူမျိုးများအကြားမှာသာ ဖြစ်နိုင်ပါတယ်..။ အင်္ဂလိပ်နဲ့ ဗမာလိုပေါ့..။ အင်္ဂလိပ်၊ စကော့တိရှ်၊ ဝေးလ် တို့လို ခပ်ဆင်ဆင်တွေမဟုတ်ပါဘူး..။ (ဒါတောင် စကော့တလန်က လစ်တော့မယ်..။)

အင်္ဂလိပ်တွေဆီကနေ နိုင်ငံရေးနည်းလမ်းအရ မဟုတ်ဘဲ၊ စစ်ရေးအရပါ လက်နက်ကိုင်ပြီး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ဗမာလူမျိုးတို့အနေနဲ့ ယနေ့အချိန်အခါမှာ တိုင်းရင်းသားတို့ရဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေကို စာနာနားလည်ပေးသင့်ပါတယ်..။ တစ်နည်းပြောရရင် နှစ် ၆၀ လုံးလုံး အချိန်ရခဲ့ပြီးပါပြီ..၊ တရားမျှတစွာနဲ့ တိုင်းရင်းသားတို့ကို အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ် မဖြစ်ပေါ်အောင် စည်းရုံးနိုင်ခဲ့သင့်ပါတယ်..၊ “ဒီပြည်ထောင်စုဟာ ငါတို့တိုင်းရင်းသားအားလုံး တူညီစွာ ကိုယ်စာပြုတဲ့၊ တန်းတူညီမျှတဲ့၊ ဒို့တွေအားလုံးရဲ့ ပြည်ထောင်စုဖြစ်တယ်”ရယ်လို့ တူညီသောကိုယ်စားပြုမှုပေးခဲ့ရပါမယ်..။ ဒါပေမဲ့ နှစ် ၆၀ သာလွန်သွားတယ်..။ ပြည်ထောင်စုအတွင်း အခြားတိုင်းရင်းသားများရဲ့ ကိုယ်စားပြုမှုကတော့ ယုတ်လျှော့ပြီးရင်း ယုတ်လျှော့ခဲ့ရပါတယ်…။ တူညီသောကိုယ်စားပြုမှု အရေခြုံ၊ တိုင်းရင်းသားအားလုံးဟာ အတူတူပါပဲ.၊ ပြည်ထောင်စုစိတ်ဓာတ်ပဲ ထားပါ၊ ကိုယ့်ကိုယ်ကိုယ် ဘာလူမျိုးလို့ မသတ်မှတ်ဘဲ မြန်မာလို့သာ ခံယူပါဆိုပြီး Myanmarization လုပ်တာပဲ ခံခဲ့ကြရပါတယ်..။

ကျနော်ထပ်ပြောပါ့မယ်..၊ မြန်မာပြည်ထောင်စုထဲက တိုင်းရင်းသားများအားလုံးဟာ တူညီသောယဉ်ကျေးမှုကို မျှဝေကိုယ်စားပြုသူများ (Races sharing the same culture and identity) မဟုတ်တဲ့အတွက် ဒီလို မြန်မာလူမျိုးလို့ပဲ ခံယူပါဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး..။ ကိုယ့်ကိုယ်ကိုယ်မြန်မာပြည်ထောင်စုသားအဖြစ်တော့ ခံယူပါမယ်..၊ မြန်မာလူမျိုးအဖြစ်တော့ ဘယ်သူမှ ခံယူမှာ မဟုတ်ပါဘူး..။ မြန်မာလူမျိုးဆိုတာက ဗမာတွေကိုသာ ဆိုလိုမှန်းလဲ အသိသာကြီးပါ..။ မြန်မာစာ၊ မြန်မာစကား၊ မြန်မာ့ယဉ်ကျေးမှုဆိုတာတွေ အားလုံးက ဗမာတိုင်းရင်းသားတွေကိုသာ ကိုယ်စားပြုနေတာပဲကို..။ ဒါကိုမှ တိုင်းရင်းသားအားလုံး ကိုယ့်ကိုယ်ကိုယ် မြန်မာလို့ပဲ ခံယူပါ၊ ဒို့တွေဟာ လူမျိုးတစ်မျိုးတည်း ဖြစ်တယ်လို့ ခံယူရင်တော့ ရူးနေလို့သာ ဖြစ်ပါမယ်..။

မြန်မာ(ဗမာ)လူမျိုးဟာ ပြည်ထောင်စုထဲမှာ လူဦးရေအများဆုံး၊ အင်အားအကြီးဆုံး၊ ပညာတတ်အများဆုံး ဖြစ်တဲ့အတွက် ပြည်ထောင်စုရဲ့အမည်ကို မြန်မာလို့ မှည့်ခေါ်တဲ့ကိစ္စ စောဒကတက်စရာမရှိပါဘူး..။ ကျန်တဲ့တိုင်းရင်းသားတွေကိုလဲ ပြည်မမှာ ပူးပေါင်းနေထိုင်တဲ့ သီးခြားလွတ်လပ်သော ကိုယ်ပိုင်အချုပ်အခြာရှိ အမျိုးသားတိုင်းပြည်တွေအဖြစ် သတ်မှတ်ပေးဖို့ လိုပါမယ်..။ ကိုယ့်တစ်ပြည်နယ်တည်း သီးခြားရပ်တည်တာထက် တခြားနိုင်ငံတစ်ခုနဲ့ ပူးပေါင်းမှ ပိုမိုအကျိုးဖြစ်ထွန်းမှာမို့၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း အိမ်နီးချင်းတိုင်းပြည်တွေအနက် ကိုယ့်မြန်မာနိုင်ငံနဲ့ ပူးပေါင်းလာတဲ့ အချုပ်အခြာရှိ အမျိုးသားပြည်ထောင် အဖြစ် သတ်မှတ်ပေးမှ ဖြစ်ပါမယ်..။ သမိုင်းအဖြစ်မှန်အရ ပင်လုံစာချုပ်ဆိုတာ အဲဒီကတိက၀တ်ကို သက်သေထူတဲ့ ခိုင်လုံမှုအရှိဆုံး တွဲလက်ဖြစ်ပါတယ်..။ လက်ရှိအခြေအနေလို လက်နက်နဲ့ ကျူးကျော်သိမ်းပိုက်ထားခြင်းဟာ နယ်ချဲ့ဖက်ဆစ်ဝါဒသာ ဖြစ်ပါတယ်..။

ဖြစ်နိုင်ရင် Imperialism လို့တော့ မသုံးချင်ပါဘူး..။ ဒါပေမဲ့ သုံးပါမယ်..။ ကွက်ကွက်ကွင်းကွင်း မြင်စေချင်လို့ပါ..။ မြန်မာတပ်ဟာ ပြည်ထောင်စုတပ်ဖြစ်တယ်၊ တိုင်းရင်းသားအားလုံး ပါဝင်နေတယ်..။ အစိုးရအဆက်ဆက်မှာလဲ သမ္မတစောဝ်ရွှေသိုက်ကစလို့ ၀န်ထမ်းအထိ တိုင်းရင်းသားတွေ ရှိတယ်လို့ ပြောကြလို့ပါ..။

British Imperialism မှာ ဗြိတိသျှတွေပဲ ပါသလား..။ ဗမာပြည်ကိုသိမ်းတော့ အိန္ဒိယက ကုလားတပ်မပါဘူးလား..။ ဗြိတိသျှတွေ မက်ဆိုပိုတေးမီးယားကို စစ်ချီတော့ ကချင်သေနတ်ကိုင်တပ်ရင်းတွေ ပါသွားတယ်.။ ခုခေတ် မြန်မာတပ်မတော်မှာ ပါတဲ့ ကချင်အရေအတွက်ထက် များပါတယ်..။ ဒါပေမဲ့ ဗြိတိသျှတပ်က ပြည်ထောင်စုတပ်ဖြစ်သွားသလား..၊ မဟာမိတ်တပ် ဖြစ်သွားသလား..။ ကိုလိုနီခေတ် ဗမာပြည်အုပ်ချုပ်ရေးမှာ ဗမာလူမျိုးများပဲ ဦးဆောင်ခဲ့တယ်..။ ပါတီအမျိုးမျိုးထောင်ပြီး နိုင်ငံရေးလုပ်ခွင့်ရှိတယ်..။ အုပ်ချုပ်ရေးဝန်ထမ်းတွေလဲ ဗမာတွေသာ ဖြစ်ခဲ့တယ်..။ ဒါပေမဲ့ ဗမာပြည်လွတ်လပ်ရေးရတယ်လို့ ပြောနိုင်သလား..။
အခုခေတ် Burma Imperialism မှာလဲ တပ်မတော်ထဲမှာ တခြားတိုင်းရင်းသားတွေ ပါပါတယ်..။ ထားပါတော့ ဦးစောမောင်က ကချင်ပါတဲ့..။ ဒါနဲ့ပဲ တပ်မတော်ကြီးက တရာမျှတသော၊ တိုင်းရင်းသားအားလုံးပါဝင်သော ပြည်ထောင်စုတပ်ဖြစ်သွားသတဲ့လား..။ ပြည်နယ်တွေမှာ သက်ဆိုင်ရာလူမျိုးဝန်ကြီးချုပ်တွေ ရှိနေပါပြီ..။ ဒါနဲ့ပဲ အမျိုးသားတန်းတူညီမျှမှု ရလေသတဲ့လား..။ တကယ်တော့ Imperialism policy အောက်မှာကတော့ တိုင်းရင်းသားများက တိုင်းတပါးကျွန်များသာ ဖြစ်ပါတယ်..။ (မဟုတ်ဘူးလား..၊ မဟုတ်ကြောင်း သက်သေပြကြလေ..။)

တိုင်းရင်းသားဖြစ်လို့ ဘာတွေဖိနှိပ်ခံရသလဲ..။ ပြောပြရုံသက်သက်ထက်စာရင် ကိုယ်တိုင်ခံစားကြည့်ဖူးမှ စာနာနိုင် ပါတယ်..။ ကိုလိုနီခေတ်မှာ ဗမာလူမျိုးများ ဘယ်လိုဖိနှိပ်ခံရသလဲ ပြန်စဉ်းစားကြည့်ပါ....။ (မမှတ်မိဘူးလား..။ သီဟတင်စိုးတို့၊ နေမျိုးအောင်တို့ရဲ့ ဗီဒီယိုကားတွေ ငှားကြည့်လိုက်လေ.. ဟီ ဟီး.။) ကိုယ့်အမျိုးသားရဲ့ အချုပ်အခြာအာဏာ National Sovereignty မရှိမှု(မပေးမှု)ကကို အဆိုးရွားဆုံး ဖိနှိပ်မှု ဖြစ်ပါတယ်..။ တိုင်းရင်းသားလူမျိုးတစ်မျိုးဟာ မိမိတို့ အခြေချနေထိုင်ရာ ဒေသမှာ လွတ်လပ်စွာ ရှင်သန်ကြီးထွားတိုးတက်မှု ရှိရပါမယ်..။ ဥဿာပဲခူးကနေ အောက်ပြည်တလွှား နေထိုင်ခဲ့တဲ့ မွန်လူမျိုးများ နယ်စပ်အစွန်အဖျားဆီ မောင်းထုတ်ခံရခြင်း၊ ဗမာကလွဲလို့ တခြားတိုင်းရင်းသားများ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဆင်နေရခြင်း(သူပုန်အခေါ်ခံရခြင်း) စတာတွေဟာ မြန်မာပြည်ထောင်စုထဲက တိုင်းရင်းသားများရဲ့ အခွင့်အရေးကို ထင်ဟပ်ပြနေပါတယ်…။

ကိုလိုနီခေတ်ဦးမှာ နယ်ချဲ့ကို ပြောက်ကျားနည်းနဲ့ပဲ တွန်းလှန်ခဲ့တာပဲ..။ လက်နက်အင်အားမမျှလို့ ရှုံးရတယ်.၊ စိတ်ဓာတ်နဲ့ သတ္တိအရာမှာ သာလွန်တယ်ဆိုတာတွေလဲ အများကြီး ဖတ်ခဲ့ရတယ်..။ ခုခေတ် တိုင်းရင်းသားတပ်တွေလဲ လက်နက်အင်အား မမျှတဲ့ကြားက ချုံခို၊ ပြောက်ကျားနည်းနဲ့ပဲ တိုက်ပွဲဝင်နေရပါတယ်…။ ဒါကို ပြောချင်ကြသေးတယ်..။ “ပစ်ပြေး”တွေ..၊ သတ္တိရှိရင် တေ့တေ့ဆိုင်ဆိုင်ချိန်းပစ်ကြပါလားတဲ့..။ တံတားတွေချိုးတယ်တဲ့..။ ဒုတိယကမ္ဘာစစ်က တပ်ဖွဲ့တွေလဲ စစ်ရှုံးလို့၊ ဆုတ်နေတဲ့အချိန်မှာ တံတားတွေ ချိုးခဲ့တာပဲလေ..။ ချောက်ကရေနံတွင်းတွေဆို အင်္ဂတေလောင်းပြီး ဖျက်ဆီးခဲ့တာ အများကြီးပဲ..။ ဒီလိုလုပ်ကြတာဟာ စစ်ပွဲရဲ့ အနိဋ္ဌာရုံ၊ စစ်ပွဲရဲ့ နည်းဗျူဟာတစ်ရပ် ပါပဲ..။ ကေအိုင်အေမို့လို့ လုပ်တာမဟုတ်ဘူး..။ ကေအိုင်အေတစ်ခုတည်း လုပ်တာလဲ မဟုတ်ဘူး..။ စစ်ဖြစ်ရင်တော့ ဒါတွေကြုံရတာ မဆန်းပါဘူး..။

အခုတိုင်းရင်းသားအားလုံးနဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီ သွားတော့မှာမို့.. ဒီလိုစစ်ပွဲနောက်က နိုင်ငံရေးနောက်ခံ၊ ပြဿနာဇစ်မြစ်ကို မြင်သလောက် ပြောမိတာပါ..။

တကယ်တော့ တိုင်းရင်းသားတွေ တောင်းဆိုတာဟာ Absolute Independence မပြောနဲ့..၊ Dominion status တောင်မဟုတ်ပါဘူး.။ Autonomy သာဖြစ် ပါတယ်..။

“ကောင်းပါပြီ..၊ မြန်မာက အမျိုးသားတစ်ရပ်မဟုတ်ဘူး..။ ဒါဆို အမျိုးသားတစ်ရပ်ဖြစ်ဖို့ ဘယ်လို အမျိုးသားရေး စရိုက်လက္ခဏာတွေ တူညီရမလဲ..။ မင်းတို့ကချင်တွေလဲ အမျိုးသားတစ်ရပ် ဟုတ်လို့လား..။ လူမျိုး ၆ မျိုးတောင် ရှိတာမဟုတ်လား..။ ကချင်ပြည်နယ်ကိုပဲ ခြောက်ပိုင်းပိုင်းပြီး National states ထပ်ခွဲထုတ်ပေးလိုက်လေ..။”


အင်း….၊ အစတော့ ဆွဲထုတ်မိပြန်ပြီ..။ သိချင်ရင်တော့ ဆက်ဖတ်ပေါ့ဗျာ..။

No comments:

Post a Comment